အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မူဝါဒ/ရည်မှန်းချက်/လုပ်ငန်းစဉ်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ မူဝါဒများ

(၁)  တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊

(၂)  တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားအားကစားလှုပ်ရှားမှုကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စိတ်ပါဝင်စားစွာ ပါဝင်လှုပ်ရှားရန်၊ (Mass Sport)

(၃)  နိုင်ငံတကာအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားနည်းဖြင့် မြှင့်တင်နိုင်မည့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား လူရည်ချွန်များ မွေးထုတ်ရန်၊ (Excellent Sport)

(၄) အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ   ဖိတ်ခေါ်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှု ရရှိစေရန်။

(၅) လူငယ်များကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများအား ဆောင်ရွက်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးရန်၊

(၆) လူငယ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ ပါဝင်ဆောင်ရွက်မှုကို အားပေးရန်၊

(၇)  လူငယ်များကို ခေါင်းဆောင်မှုအရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊

(၈)  လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရန်၊

(၉) နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်လာနိုင်စေရန်၊

(၁၀) ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှု အရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းစေရန်၊

(၁၁) အနုပညာ၊ အားကစားလှုပ်ရှားမှုများ အပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံသင်ယူနိုင်မည့် လူငယ်စင်တာများ ထူထောင်ပေးရန်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များ

(၁)  တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်အထည်ဖော်ရန်၊

(၂) မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် တစ်နိုင်ငံလုံးမှ ပါဝင်လှုပ်ရှားပြီး တက်ကြွစွာ အားပေးချီးမြှောက်မှုများ ပြုလုပ်လာစေရန်၊

(၃) ခေတ်မီအားကစားတက္ကသိုလ်၊ အားကစားနှင့်ကာယပညာသိပ္ပံများ ဖွင့်လှစ်နိုင်ရန်နှင့် အားကစားနည်းအမျိုးအစားအလိုက် သင်တန်းများ ဖွင့်လှစ်နိုင်ရန်၊  

(၄)  တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ပြုလုပ်နိုင်ရန်နှင့် လူထုအားကစားလှုပ်ရှားမှုများဆောင်ရွက်မှု တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(၅)  နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်များကို တည်ဆောက်ရေးနှင့် ရေရှည်အသုံးပြုနိုင်အောင် ထိန်းသိမ်းပြုပြင် ဆောင်ရွက်ရန်၊

(၆) နိုင်ငံတကာအဆင့်မီ အားကစားပစ္စည်းများ၊ ဝတ်စုံများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ အသုံးပြုနိုင်အောင် ပြည်တွင်းတွင် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်၊

(၇) တိုးတက်ပြောင်းလဲနေသော ခေတ်မီအားကစားနည်းစနစ်သစ်များကို ကျင့်သုံး၍ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊

(၈)  နိုင်ငံ၏ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ရန်၊

(၉)  လူငယ်များအတွင်း ပြည်ထောင်စုစိတ်ဓါတ် ထွန်းကားပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များ တိုးပွားလာစေရန်နှင့် နိုင်ငံတော်ကို ကာကွယ်လိုစိတ်များ ပေါ်ထွန်းလာစေရန်၊

(၁၀) လူငယ်များအတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင်လိုစိတ်များ တိုးပွားလာစေရန်၊

(၁၁) လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေး စသည့်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်စေရန်၊

(၁၂) မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်း လူငယ်များဘဝ  မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နိုင်စေရန်၊

(၁၃)  လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးလာစေရန်၊

(၁၄)  နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ရင်းနှီးစွာထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်စေရန်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ

(၁) ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် ဌာနတွင်း အရာထမ်း ၊ အမှုထမ်း စွမ်းဆောင်ရည်မြင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ခြင်း၊ အားကစားနည်းအလိုက် နည်းပြသင်တန်းနှင့် ဒိုင်/ဂျူရီ သင်တန်းများ ဖွင့်လှစ်ခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ပြည်တွင်း/ပြည်ပ လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း၊ လူငယ်ရေးရာကဏ္ဍ သင်တန်းများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ဖွင့်လှစ်သောသင်တန်းများနှင့် ပြည်သူ့ဝန်ထမ်းအကယ်ဒမီသင်တန်းများသို့ တက်ရောက်စေပါမည်။ [မဟာဗျူဟာ (၁.၄) ၊ လုပ်ငန်းစဉ် (၁.၄.၁)]

(၂) e-Government  စနစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာနရုံးများ ၊ အားကစားနှင့်ကာယပညာသိပ္ပံများ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် / ခရိုင် / မြို့နယ်ရုံးများတွင် အင်တာနက်လိုင်းများ သွယ်တန်းခြင်း၊ Website များ လွှင့်တင်နိုင်ရန် ဆောင်ရွက်ခြင်း၊ Information Technology ဆိုင်ရာပစ္စည်းများ ဖြည့်တင်းပေးခြင်းနှင့် နည်းပညာများ ကျွမ်းကျင်စေရန် လေ့ကျင့်သင်ကြားပေးပါမည်။[မဟာဗျူဟာ (၁.၅) ၊ လုပ်ငန်းစဉ် (၁.၅.၃)]

(၃)  ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု စီမံချက်အရ ခန့်ထားနိုင်သည့်အင်အား ၆၆.၇% အတွင်း ဝန်ထမ်းများခန့်အပ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ ရုံးများ တိုးချဲ့ဖွင့်လှစ်ခြင်း ၊ အခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်း၊ အားကစားကွင်း/ အားကစားရုံ / ရေကူးကန်များ ဆောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လိုအပ်သည့်စက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းပေးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်မည်။     [မဟာဗျူဟာ(၃.၆)/(၄.၃)၊ လုပ်ငန်းစဉ် (၃.၆.၁)/(၄.၃.၉)]

(၄)  ဝန်ထမ်းလူငယ်များကို  ထိုက်သင့်သော လစာ၊  စွမ်းရည်ှင့်တင်မှု  အစီအစဉ်များနှင့် အကျိုးခံစားခွင့်ရရှိစေပြီး အလုပ်ကို ဂုဏ်ယူမြတ်နိုးစိတ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ စိတ်ဓါတ်များ ပျိုးထောင်မြှင့်တင်ပေးမည့် အစီအမံများဆောင်ရွက်မည်။ [မဟာဗျူဟာ (၁.၄)၊ လုပ်ငန်းစဉ် (၁.၄.၄)]

(၅) တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများ၊  အားကစားနည်းအလိုက် သက်တမ်းအလိုက် ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပြီး အားကစားအောင်မြင်ရေးအတွက် ပညာရှင်များနှင့် ပေါင်းစပ်ပြီး သုတေသနလုပ်ငန်းများကို ဆောင်ရွက်သွားမည်။   [မဟာဗျူဟာ (၃.၂) ၊ လုပ်ငန်းစဉ် (၃.၂.၈)]

(၆) အားကစားနည်းအလိုက် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲခြင်းနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဆိုင်ရာ သိကောင်းစရာများ၊ အားကစားတက္ကသိုလ်နှင့် ပတ်သက်သော သိကောင်းစရာများ ၊ လူငယ်ရေးရာကဏ္ဍအလိုက် အသိပညာပေး/ သိကောင်းစရာများကို ရေးဆွဲ၍ အများပြည်သူများသိရှိအောင် စာအုပ်ထုတ်ဝေဆောင်ရွက်ခြင်း၊Website တွင် လွှင့်တင်ထားရှိခြင်းနှင့် သင်တန်းများ ဖွင့်လှစ်ပို့ချသွားပါမည်။ [မဟာဗျူဟာ (၁.၄) ၊ လုပ်ငန်းစဉ် (၁.၄.၄)]

(၇) အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိစေရန်အတွက် နိုင်ငံတကာအိုလံပစ်ကော်မတီများ၊ ပြည်တွင်း/ပြည်ပ အားကစားအဖွဲ့ချုပ်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။ [မဟာဗျူဟာ (၃.၂) ၊ လုပ်ငန်းစဉ် (၃.၂.၈)]

(၈)  ပြည်ပနိုင်ငံများနှင့် ဆက်သွယ်၍ အားကစားနည်းအလိုက် ပူးတွဲလေ့ကျင့်ခြင်း၊ နိုင်ငံခြားနည်းပြများ ငှားရမ်းခြင်း၊ နည်းပြသင်တန်းများနှင့် ဒိုင်/ဂျူရီသင်တန်းများစေလွှတ်ခြင်း၊ လေ့လာရေးများစေလွှတ်ခြင်း၊ အားကစားဆိုင်ရာ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုသင်တန်းများ၊ အားကစားဈေးကွက်ဆိုင်ရာ သင်တန်းများ စေလွှတ်ခြင်းနှင့် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများကျင်းပမည်။   [မဟာဗျူဟာ (၄.၁) ၊ လုပ်ငန်းစဉ်  (၄.၁.၇)]

(၉) ပြည်တွင်း/ပြည်ပမှ အားကစားပစ္စည်းများဝယ်ယူခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်းတွင် တန်ဖိုးသက်သာစွာဖြင့် အရည်အသွေးမီ အသုံးပြုနိုင်အောင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဝင်ငွေခွန်၊ အမြတ်ခွန် စည်းကြပ်ခြင်းမှ သက်သာခွင့် သို့မဟုတ် ကင်းလွတ်ခွင့်ရရှိရန် သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားပါမည်။ [မဟာဗျူဟာ (၃.၂) ၊ လုပ်ငန်းစဉ် (၃.၂.၈)]

(၁၀)  အားကစားနည်းအလိုက် အိုလံပစ်စံချိန်၊အာရှစံချိန်၊ အရှေ့တောင်အာရှစံချိန်စံညွှန်းများ သတ်မှတ်၍ ဆုတံဆိပ် များရရှိအောင် မြန်မာ့ဂုဏ်ဆောင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အားကစားသမားများ ရေရှည် ဘဝနောင်ရေးစိတ်အေးနိုင်ရန်အတွက် ထောက်ပံ့ပေးနိုင်မည့် စည်းမျဉ်း ၊ မူဘောင်များ သတ်မှတ်ဆောင်ရွက်မည်။ [မဟာဗျူဟာ (၃.၇)၊ လုပ်ငန်းစဉ် (၃.၇.၁)]

(၁၁) အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ၊ အားကစားတက္ကသိုလ်နှင့် အားကစားဒီပလိုမာသင်တန်းများတို့တွင် အားကစားနည်းအလိုက် အရည်အသွေးရှိသော သင်ရိုးညွှန်းတမ်းများ ပြုစုရေးဆွဲနိုင်ရေးအတွက် ဘက်စုံပါဝင်သော ကျွမ်းကျင်ပညာရှင်များနှင့် စုဖွဲ့၍ ဆွေးနွေးညှိနှိုင်းပြုစု ဆောင်ရွက်သွားပါမည်။ [မဟာဗျူဟာ(၄.၁) ၊ လုပ်ငန်းစဉ်  (၄.၁.၁)]

(၁၂) လူငယ်ဖွံ့ဖြိုးရေးကဏ္ဍများ အနေဖြင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ ဖွင့်လှစ်ခြင်း၊ လူငယ်သင်တန်းကျောင်းများရှိ ကလေးများအတွက် အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ခြင်း၊ ပညာရေးအသုံးစရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အားကစားလေ့ကျင့်ရေးပစ္စည်းများ ထောက်ပံ့ခြင်းနှင့် လူငယ်စင်တာများ အတွက် ပစ္စည်းနှင့် ရုံးသုံးစရိတ်ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်မည်။ [မဟာဗျူဟာ (၄.၃) ၊ လုပ်ငန်းစဉ် (၄.၃.၆)]

(၁၃)  မသန်စွမ်းလူငယ်ကလေးများအား သက်မွေးပညာရပ်များ သင်ကြားပေးခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မသန်စွမ်းမှု အမျိုးအစားအလိုက် အသိပညာပေးခြင်းနှင့် အားကစားနည်းအလိုက် ဉာဏ်ရည်မမီကလေးများနှင့် မသန်စွမ်းသူများကစားနိုင်သည့် သင်တန်းများဖွင့်လှစ်ခြင်း၊ ထူးချွန်သူများအား ဆက်လက်လေ့ကျင့်ပေးခြင်း၊ အားကစားလေ့ကျင့်ရေးစခန်းများကိုတိုးချဲ့ဖွင့်လှစ်ခြင်း၊ ပုဂ္ဂလိကမှဉာဏ်ရည်မမီသူများနှင့် မသန်စွမ်းသူများအတွက် အားကစားလေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်ပါက အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားပါမည်။   [မဟာဗျူဟာ (၃.၂) ၊ လုပ်ငန်းစဉ် (၃.၂.၈)]

(၁၄) အားကစားသမားများနှင့် ပြည်သူများ အဟာရပြည့်မီစွာ စားသောက်နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ စားသုံးမှုဆိုင်ရာ လမ်းညွှန်ချက်များနှင့် အသိပညာပေးအစီအစဉ်များအား ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ NGO, INGO များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီဒီယာများ၊ အနုပညာရှင်များ၊ စေတနာရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်။  [မဟာဗျူဟာ (၄.၄)၊ လုပ်ငန်းစဉ် (၄.၄.၃)]

(၁၅) ပြည်သူတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်လက်ကြံ့ခိုင်ရေး နည်းပြသင်တန်းများနှင့် အခြေခံအားကစားနည်း သင်တန်းများကို တိုင်းဒေသကြီး / ပြည်နယ်အဆင့်၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ ဖွင့်လှစ်သင်ကြားသွားမည်။  [မဟာဗျူဟာ (၄.၁) ၊ လုပ်ငန်းစဉ် (၄.၁.၁)]

(၁၆)  အခြေခံပညာကျောင်းများနှင့် နည်းပညာကောလိပ်များ၊ တက္ကသိုလ်များသို့ သွားရောက်၍ ပူးပေါင်းဆောင်ရွက်ကာ အားကစားနည်းများ သရုပ်ပြသခြင်း၊  အားကစားနည်းအလိုက် သင်တန်းများဖွင့်လှစ်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်း ဆောင်ရွက်ပါမည်။ [မဟာဗျူဟာ(၄.၁)၊ လုပ်ငန်းစဉ် (၄.၁.၉)] 

(၁၇)  အားကစားလှုပ်ရှားမှုများ၊ ကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားမှုများကို ပြည်သူများ စိတ်ပါဝင်စားပြီး ပါဝင်ကစားလာစေရေးနှင့် တစ်ကိုယ်ရည် ကျန်းမာရေးအတွက် ထိရောက်စွာ  အကျိုးပြုနိုင်မှုကို သိမြင်နားလည်စေရေးအတွက် မီဒီယာများ၊ အနုပညာရှင်များ၏ အကူအညီကိုရယူ၍ ထိရောက်ကျယ်ပြန့်စွာ စည်းရုံးလှုံ့ဆော် ပညာပေးရေး အစီအစဉ်များ ဆောင်ရွက်မည်။    [မဟာဗျူဟာ (၄.၂) ၊ လုပ်ငန်းစဉ် (၄.၂.၂)]

(၁၈)  ပြည်သူလူထုအတွင်း ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်နေထိုင်မှုပုံစံများ၊အပြုအမူများ၊ အလေ့အကျင့် များကို စွဲမြဲကျင့်သုံးလာစေရန်အတွက် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ် (Exercise is Medicine) အားကစားလှုပ်ရှားမှုများဖြင့်  ထိရောက်သော  ကျန်းမာရေးအသိပညာပေး မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက် မည်။    [မဟာဗျူဟာ(၄.၂) ၊ လုပ်ငန်းစဉ် (၄.၂.၆)]

(၁၉)  ပြည်သူများ၊ ကျောင်းသားကျောင်းသူများ၊ ရုံးဝန်ထမ်းများ၊ နေရာဌာနအလိုက် အန္တရာယ်ကင်း စိတ်ချလုံခြုံစွာ ကစားနိုင်ရန်နှင့် မသန်စွမ်းသူများအတွက်ပါ လွယ်လင့်တကူ ကစားနိုင်မည့် အားကစားကွင်း/အားကစားရုံများ၊ ကိုယ်လက်လှုပ်ရှား ကစားနိုင်မည့်နေရာများ၊ လမ်းလျှောက်နိုင်မည့် နေရာများကို စီစဉ်ပေးမည်။ [မဟာဗျူဟာ(၄.၂)၊ လုပ်ငန်းစဉ် (၄.၂.၁)] 

(၂၀)  အိမ်ရာများ၊ စာသင်ကျောင်းများ ၊ တက္ကသိုလ်များ ၊ ရုံးဌာနများနှင့် အများပြည်သူများ ထိရောက်စွာ ကစားနိုင်မည့် နေရာများတွင် Outdoor Fitness များ တပ်ဆင်ပေးနိုင်ရေးနှင့် အိမ်ရာသစ်များ ဖော်ထုတ်ရာတွင် မသန်စွမ်းသူ များပါ ကစားနိုင်သည့် အားကစားကွင်း/ အားကစားရုံ၊ ရေကူးကန်များ၊ အပန်းဖြေပန်းခြံများ ထည့်သွင်းတည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်။   [မဟာဗျူဟာ(၄.၂)၊ လုပ်ငန်းစဉ် (၄.၂.၂)]

(၂၁)  လူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် အသင်းအဖွဲ့ များ ဖွဲ့စည်းခြင်း၊ အသင်းအလိုက် လှုပ်ရှားမှုများ ဆောင်ရွက်စေခြင်းနှင့် လူငယ်ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်မည်။      [မဟာဗျူဟာ(၄.၁)၊ လုပ်ငန်းစဉ် (၄.၁.၁)] 

(၂၂) လူငယ်များ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုသုခုမ များကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတတ်လာစေရေးအတွက် အစီအမံများချမှတ်ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း/ပြည်ပ အနုပညာ၊ ယဉ်ကျေးမှုစသည့် နှီးနှောဖလှယ်ပွဲ အစီအစဉ်များကို မြှင့်တင်ချိတ်ဆက်ဆောင်ရွက်မည်။ [မဟာဗျူဟာ(၃.၂)၊ လုပ်ငန်းစဉ် (၃.၂.၈)]

(၂၃) လူငယ်များ အားကစားကို စိတ်ပါဝင်စားပြီး နေ့စဉ်အားကစားလှုပ်ရှား ကစားလာစေရေးအတွက် ပညာပေးဟောပြောခြင်း၊ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် မိမိတို့၏ သက်ဆိုင်ရာ တိုင်းရင်းသားစာပေ၊ ဘာသာ စကားနှင့် ယဉ်ကျေးမှုတို့ကို လူငယ်များအနေဖြင့် မြတ်နိုးထိန်းသိမ်းနိုင်စေမည့် အစီအမံများ ဆောင်ရွက်သွားမည်။[မဟာဗျူဟာ (၁.၂) ၊ လုပ်ငန်းစဉ် (၁.၂.၂)]

(၂၄)  လူငယ်များအကြား  တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားပညာပေးရေး ၊ အသိပညာပြန့်ပွားရေးနှင့်ဆက်နွယ်သော ကိစ္စရပ်များဆိုင်ရာ လူထုစစ်တမ်းများ သုတေသနပြုလုပ်ရာတွင် လူငယ်များကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မည်။    [မဟာဗျူဟာ (၄.၁) ၊ လုပ်ငန်းစဉ် (၄.၁.၁)]

(၂၅) နိုင်ငံအတွင်းရှိ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှုကဏ္ဍများအတွက် အနာဂါတ်ဖွံ့ဖြိုးမှု အလားအလာကောင်းများကို ဖြည့်ဆည်းနိုင်မည့် မဟာဗျူဟာလမ်းညွှန်ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်မည်။  [မဟာဗျူဟာ (၁.၂)၊ လုပ်ငန်းစဉ် (၁.၂.၂)]

(၂၆)  လူငယ်များ  ခရီးသွားခြင်းနှင့်  ဒေသန္တရ  ဗဟုသုတကြွယ်ဝခြင်းကို  အားပေးမြှင့်တင်ရန်အတွက် လိုအပ်သောအစီအစဉ်များကို လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။   [မဟာဗျူဟာ (၃.၂)၊ လုပ်ငန်းစဉ် (၃.၂.၈)]

(၂၇)  အများပြည်သူ သွားလာလည်ပတ်နိုင်သော ခရီးစဉ်များ၊ ခရီးစဉ်ဒေသများတွင် Sports tourism ကဏ္ဍ ဖွံ့ဖြိုးအောင် ခရီးသွားလုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်သွားပါမည်။[မဟာဗျူဟာ(၅.၆)၊ လုပ်ငန်းစဉ် (၅.၆.၁၀)]

(၂၈)  နိုင်ငံတကာ လူမှုအသိုက်အဝန်းတွင် မြန်မာလူငယ်များ၏  ဂုဏ်သိက္ခာအရည်အသွေးနှင့်အဆင့်အတန်းမြင့်မား လာစေရန်အတွက် နိုင်ငံတကာလူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကဏ္ဍပေါင်းစုံနှီးနှောဖလှယ်ရေး အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများ ဆောင်ရွက်သွားမည်။    [မဟာဗျူဟာ (၃.၂) ၊ လုပ်ငန်းစဉ် (၃.၂.၈)]

(၂၉)  လူငယ်များ အလုပ်အကိုင်ရရှိစေရေးအတွက်  လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်း(EYE)အရ လုပ်ငန်းခွင်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ကဏ္ဍနှင့် နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေး(TVET)ကဏ္ဍ တို့ဆက်စပ်မှု ပိုမိုအားကောင်းလာစေရန်အတွက် သက်ဆိုင်ရာအကြံပေးပညာရှင်များ၊တာဝန်ရှိပုဂ္ဂိုလ်များ ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများ၊ လက်တွေ့ကွင်းဆင်းဆောင်ရွက်မှုများ၊ သင်ရိုးညွှန်းတမ်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်သွားပါမည်။

(၃၀)  လူငယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ လူငယ်လူရွယ်များ ချစ်ခင်ရင်းနှီးမှုကိုရရှိစေရန် ရည်ရွယ်၍ ကျောင်းသားအားကစားပွဲတော်နှင့် အမျိုးသားအားကစားပွဲတော်များကို နှစ်မထပ်စေဘဲ (၂)နှစ်လျှင်(၁)ကြိမ် ကျင်းပ ပြုလုပ်စေခြင်း။  [မဟာဗျူဟာ (၁.၂) ၊ လုပ်ငန်းစဉ် (၁.၂.၂)]

(၃၁)  အားကစားသမားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဝန်ကြီးဌာနအလိုက် အားကစားလေ့ကျင့်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်စေပြီး အားကစားနည်းအလိုက် ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများ ကျင်းပပြုလုပ်စေခြင်း။ [မဟာဗျူဟာ(၃.၂)၊ လုပ်ငန်းစဉ် (၃.၂.၈)]

(၃၂) လူငယ်များအနေဖြင့် အဖွဲ့အစည်းများနှင့်ဆောင်ရွက်ခြင်း အလေ့အကျင့်ရရှိစေရန် သက်တမ်းအလိုက် အဖွဲ့အစည်းများဖွဲ့စည်းပေးရန် ( ဥပမာ- ယခင်ဖွဲ့စည်းခဲ့သော တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ကင်းထောက်လူငယ်)နှင့် ၎င်းအဖွဲ့အစည်းများအတွင်း ဝါသနာတူရာ (စာပေ၊ဂီတ၊ အနုပညာ၊ သိပ္ပံပညာ၊ ကွန်ပျူတာ (IT)၊ အားကစား၊ ယဉ်ကျေးမှု) ဘာသာရပ်များ စုပေါင်းလေ့လာဆည်းပူးနိုင်ရန်အတွက် အခွင့်အလမ်းများ ဆောင်ရွက်ပေးရန်၊ နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်လေ့လာနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။ [မဟာဗျူဟာ (၃.၂) ၊ လုပ်ငန်းစဉ် (၃.၂.၈)] 

(၃၃)   ယခင်ရေးဆွဲထားသည့် အားကစားဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ လူငယ်များနှင့်ပတ်သက်ပြီး လူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ပေးသည့် ဥပဒေကို ရေးဆွဲပေးခြင်း။ [မဟာဗျူဟာ(၁.၄) ၊ လုပ်ငန်းစဉ် (၁.၄.၄)]