အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် (၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး အ.ထ.က (၁၈) အောင်မြေသာစံ မြို့နယ်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ လူငယ်ဘဝတွင် ရယ်မောပျော်ရွှင်စွာနေထိုင်ကြရန်၊ လူငယ်များ အားကစားလိုက်စားခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ပညာရေးတွင် ထူးချွန်သူများ ဖြစ်လာနိုင်ကြောင်း၊ အားကစားလုပ်လို့ ပညာရေးညံ့တယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ဖို့လိုကြောင်း၊ အားကစားလိုက်စားသူတိုင်း ကျန်းမာကြံ့ခိုင်ကြောင်း၊ အခြေခံပညာကို တတ်ဖို့လိုကြောင်း၊ ပညာကို ဆုံးခန်းတိုင်အောင် သင်ယူလေ့လာရန်လိုကြောင်း၊ မူးယစ်ဆေးများကိုမသုံးစွဲကြရန်နှင့် မိတ်ဆွေအပေါင်းအသင်းများများထားရှိရန်လိုကြောင်း၊ ခေါင်းဆောင်မှုအရည်အသွေးတွင် အကျင့်စာရိတ္တ ကောင်းမွန်ဖို့သည် အဓိကအချက်ဖြစ်ကြောင်း၊ ကိုယ် ဘာဖြစ်ချင်လဲ ရည်ရွယ်ချက် /ရည်မှန်းချက် ထားရှိဖို့လိုကြောင်း၊ လူကောင်းလူတော်ဖြစ်ရန် ခံယူချက်ကောင်းဖို့လိုကြောင်း၊ လူငယ်တွေ၏ ပညာအရည်အချင်း စိတ်နေစိတ်ထား တိုင်းပြည်အပေါ် ချစ်စိတ်ပေါ်မူတည်၍ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို သိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီမြေ အကြောင်းကိုလည်း သေ့ချာလေ့လာသင်ယူရန်လိုကြောင်း၊ သယံဇာတသုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးသည်လည်း အရေးကြီးကြောင်း၊ လူငယ်များသည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် ဗဟုသုတများရှာဖွေရမည်ဖြစ်ကြောင်း၊ တိုင်းပြည်က အားကိုးရမည့် သားကောင်း/သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားနေထိုင်ကြဖို့လိုကြောင်း ဥပမာများနှင့်အတူ လမ်းညွှန်ဟောပြောခဲ့ပါသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးမှ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးဝင်းက အိုလံပစ်ပြိုင်ပွဲ စတင်ခဲ့သည့်သမိုင်း၊ အားကစား၏ အဓိပ္ပါယ် ဖွင့်ဆိုချက်စသည့် အားကစားဆိုင်ရာကိစ္စများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက လူငယ်များအကျိုးရှိစေမည့် မှတ်သားစရာများဖြစ်သည့် “မင်္ဂလာပါ”၊ “ဒို့ကျောင်း” ဆရာကြီးပီမိုးနင်းရေးသားခဲ့သည့် “ကြီးပွားတိုးတက်ရေးလမ်းညွှန်”၊ “ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်” စသည့် စာပေစာအုပ်များကို လူငယ်များစိတ်ဝင်စားအောင် ဥပမာများဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက လူငယ်များသိရှိနိုင်ရန် လိုအပ်သည့် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူတို့၏ တောင်းဆိုမှု/တာဝန်၊ ကုန် အညွှန်းအမှတ်အသားတို့နှင့်ပတ်သက်၍ လူငယ်များ ဆောင်ရန်ရှောင်ရန် လိုက်နာရန်များကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရှင်းလင်းဟောပြောခဲ့ပါသည်။

ဆက်လက်၍ Fitness Dance သရုပ်ပြသခြင်း၊ တိုက်ကွမ်ဒိုအားကစားနည်းဖြင့် သရုပ်ပြသခြင်းတို့ကို ဆောင်ရွက်ပြီး အ.ထ.က (၁၈) အောင်မြေသာစံ ကျောင်းသို့ ဘောလုံး၊ ဘော်လီဘောနှင့် ဘော်လီဘောပိုက်၊ ပိုက်ကျော်ခြင်းနှင့် ပိုက်ကျော်ခြင်းပိုက်၊ စားပွဲတင်တင်းနစ်ခုံ (၂)ခုံ၊ ပင်ပေါင်နှင့် ပင်ပေါင်ဘတ်တံများ၊ ကြက်တောင်ရိုက်တံနှင့် ကြက်တောင်များကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းမှ လှူဒါန်းခဲ့ရာ တာဝန်ရှိသူများမှ လက်ခံခဲ့ကြပါသည်။

ဆက်လက်ပြီး ကျောင်းသားကျောင်းသူများ ပျော်ရွှင်စေရန် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပင်ပေါင်ဘတ်တံများ၊ ကြက်တာင်နှင့် ကြက်တောင်ရိုက်ဘတ်တံစသည့် ဆု လက်ဆောင်(၂၅)ခုကို ဒုတိယဝန်ကြီးမှ ကိုယ်တိုင် မဲနှိုက်ပေး၍ ကံစမ်းမဲပေါက်သူများကို ဆု လက်ဆောင်များ ချီးမြှင့်ပေးခဲ့ပါသည်။

ထို့နောက် အ.ထ.က(၁၈)အောင်မြေသာစံ ကျောင်းအုပ်ကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဆုရရှိသည့်ကလေးများ၊ အခမ်းအနားသို့ တက်ရောက်လာသူများ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကာ အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။