အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ (၂)နိုင်ငံ ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့ဝင်များအား လမ်းညွှန်မှာကြား

နေပြည်တော်အောက်တိုဘာ(၂၂) ရက်။

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် မြန်မာ၊ တရုတ် (၂)နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးစာလွှာအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ (၂)နိုင်ငံ ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့ဝင်များအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ video conferencing စနစ်ဖြင့် လမ်းညွှန်မှာကြားခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီခွဲ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေး(၁)၊ ယဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေး(၂) နှင့် ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး၊ ပြည်ပရောက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ video conferencing စနစ်ဖြင့်တက်ရောက်ကြပါသည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးအား အားကစားအဖွဲ့များမှ မိတ်ဆက်ဂါဝရပြုပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကားပြောကြားရာတွင်-

လက်ရှိ (၂)နိုင်ငံ ပူးတွဲလေ့ကျင့်လျက်ရှိသော အားကစားသမားများသည် အမိနိုင်ငံကို အားကစားဖြင့် အောင်မြင်မှုရရှိစေရန် ရည်ရွယ်လျက် ရေခြားမြေခြားတွင် နေထိုင်လေ့ကျင့်နေမှုအတွက် အထူးဂုဏ်ပြု အားပေးစကား ပြောကြားလိုပါကြောင်းနှင့် နိုင်ငံအတွင်းမှရှိသည့်လူငယ်များအတွက် ဂုဏ်ယူအားကျဖွယ်ဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်စေလိုပါကြောင်း၊ ပြည်ပသို့ သွားရောက်၍ နိုင်ငံတော် အတွက် အားကစားအောင်မြင်မှုရရှိရန် ရည်ရွယ်၍ လေ့ကျင့်နေမှုသည် ကျန်းမာရေး အစဉ်ကောင်းမွန်နေရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေး တစ်ခုခုချို့ယွင်းချက် ရှိပါက မိမိလေ့ကျင့်ထားမှုအားလုံး အချည်းနှီးဖြစ်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးကောင်းမွန်စေရန် နေထိုင်စားသောက် လေ့ကျင့်နေမှုတွင် ချမှတ်ထားသော စည်းကမ်းများကို အထူးလိုက်နာရန် လိုအပ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် စိတ်အလိုကို မလိုက်ရန် အထူးအရေးကြီးပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် ၂၀၂၂ မေလ ဒုတိယအပတ်တွင် ကျင်းပမည်ဖြစ်သောကြောင့် လေ့ကျင့်ရန် ကျန်ရှိချိန် (၆)လအတွင်း အထူးစည်းကမ်း လိုက်နာ၍ စံချိန်စံညွှန်းများ ကောင်းအောင် လေ့ကျင့်ရန်လိုအပ်ပါကြောင်း၊ အားကစားသမားများသည် ယခုလို မြန်မာ့လက်ရွေးစင် အားကစားသမားဘဝ ရောက်ရှိရန်အတွက် ငယ်စဉ်ကတည်းက အားကစားကို အချိန်ပေး၍ တစိုက်မတ်မတ် လေ့ကျင့်ကြိုးစားမှုကြောင့် လက်ရှိအဆင့်သို့ ရောက်ရှိရသည်ဖြစ်ပါကြောင်း၊ လက်ရွေးစင်အဖြစ်မှ နိုင်ငံတော်အတွက် ဆုတံဆိပ်များရရှိရန် ကြိုပမ်းရာတွင် ယခုဆို လက်တစ်ကမ်းအလိုသာ ရှိတော့၍ အားကစားသမားများအနေနှင့် မိမိတို့ ရည်မှန်းချက် မပျောက်ပျက်ပဲ အပြည့်အဝ အောင်မြင်မှုရရှိရေးအတွက် အကောင်အထည်ဖော် ကြိုးစားကြစေလိုကြောင်း၊ ယခုအခါ နိုင်ငံတော်မှ အားကစားကဏ္ဍကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေပါကြောင်းနှင့် နိုင်ငံတော်အတွက် ဂုဏ်ဆောင်ခဲ့ကြသော အားကစားသမားဟောင်းကြီးများအား ယခုလကုန်မှစ၍ အားကစားပင်စင် လစာများ ခံစားခွင့်ရရှိတော့မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအာမခံချက်များလည်း ထားရှိပေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အားကစားသမားများ ထောက်ပံ့ခရီးစရိတ်၊ ကျွေးမွေးစရိတ်များအား ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးထားပါကြောင်း၊ Sea Games တွင် အောင်မြင်မှုရရှိပါက ယခင်ထက် ထိုက်ထိုက်တန်တန် ချီးမြှင့်ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ယခုတွေ့ဆုံမှုတွင် အားကစားသမားများဘက်မှ လိုအပ်ချက်ရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန် လိုအပ်ပြီး မိမိတို့မှ အတတ်နိုင်ဆုံး ပံ့ပိုးထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ဖြည့်စွက် အမှာစကားပြောကြားရာတွင် အားကစားသမားအနေနှင့် သက်ဆိုင်ရာနိုင်ငံမှ ချမှတ်ထားသော စည်းကမ်းများနှင့် Covid-၁၉ စည်းကမ်းများအား အထူးအလေးထားလိုက်နာရန်လိုအပ်ပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးသည် မိမိတို့အပေါ် များစွာမူတည်သည်ကို သတိပြုစေလိုကြောင်း၊ သို့ဖြစ်ပါ၍ လေ့ကျင့်ရန် ကျန်ရှိချန် ကာလတွင် နည်းစနစ်မှန်မှန် ပြင်းပြင်းထန်ထန် လေ့ကျင့်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သက်ဆိုင်ရာ အားကစားအဖွဲ့နည်းပြ/အုပ်ချုပ်သူများမှ ကျန်းမာရေးဆိုင်ရာ အခက်အခဲများ၊ လေ့ကျင့်မှုဆိုင်ရာကိစ္စရပ်များ၊ နည်းပြနည်းစနစ်ပိုင်းဆိုင်ရာ အခက်အခဲများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ နှစ်နိုင်ငံ ညှိနှိုင်း၍ ကျန်းမာရေးကိစ္စရပ်များ၊ လေ့ကျင့်မှု၊ နည်းပြနည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အားကစားနည်းအလိုက် အကောင်အထည်ဖော် ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။