အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး၊ ဩဂုတ်လ(၂)ရက်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ဩဂုတ် ၂ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် ဖူဆယ်ဘောလုံးအသင်း အောင်မြင်မှု အသီးအပွင့်ခံစားလာရသည်မှာ ရှမ်းပြည်နယ်အတွင်း ဖူဆယ်အားကစားကွင်းများ များပြားလာခြင်း၊ ပြိုင်ပွဲများစွာ ကျင်းပပေးနိုင်ခြင်း၊ အားကစားသမားများနှင့် နည်းပြများမှ အားသွင်ခွန်စိုက် အရည်အချင်းများကို ကြိုးစားဖော်ထုတ်ပြသ ကစားနိုင်ခဲ့သောကြောင့် ရှမ်းပြည်နယ်ဖူဆယ်သမိုင်းတွင် ပထမဆုံး တံခွန်စိုက်ဒိုင်း ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ဖူဆယ်အားကစားနည်းသည် အခြားအားကစားနည်းများလို ကိုယ်ခန္ဓာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့ အဓိကမကျဘဲ သွက်လက်ဖျတ်လက်မှု၊ ခံနိုင်ရည်နှင့် သက်လုံကောင်းမွန်မှု၊ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတို့သည် အဓိကကျသော အားကစားနည်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်လက်ရွှေးစင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်ကို အရင်းခံပြီး အနိုင်မခံ အရှုံးမပေး ဇွဲစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစား၍ ရှမ်းပြည်နယ်၏ ဂုဏ်ကို ဆောင်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆု၊ ၁၈ နှစ်အောက်အမျိုးသားဘောလုံပြိုင်ပွဲတွင် ဒုတိယဆု၊ ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆု ရရှိခဲ့သည့် ရှမ်းပြည်နယ်အားကစားအသင်းတို့အား ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း ယခုလို အောင်မြင်မှုရရှိအောင် ဝိုင်းဝန်း ကြိုးပမ်းပေးခဲ့ကြသော ရှမ်းပြည်နယ်အားကစားဆပ်ကော်မတီများ၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မှ တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ အားလုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်အားကစားပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ရှမ်းပြည်နယ် အမျိုးသမီးအသင်းမှ ပထမဆုဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံအပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ပထမဆုရရှိခဲ့သော အမျိုးသမီးဖူဆယ်အသင်း အားကစားသမားများအား ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေး၍ လည်းကောင်း၊ ဒုတိယဆုရရှိခဲ့သော အမျိုးသားဖူဆယ်အသင်းအား ဂုဏ်ပြုဆုငွေများကို ပြည်နယ် တရားလွတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်မှ ချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိခဲ့သော U-18 အမျိုးသား ဘောလုံအသင်းအား ဂုဏ်ပြုဆုငွေ များကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ချီးမြှင့်ပေး၍လည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေကို ပြည်နယ် စီးပွားရေးရာဝန်ကြီးမှ ချီးမြှင့်ပေး၍လည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ ချီးမြှင့်ပေး၍လည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင် တတိယဆုရရှိ ခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆု ငွေကို ပြည်နယ်လူမှုရေးရာဝန်ကြီးမှ ချီးမြှင့်ပေး၍လည်းကောင်း၊ ဗိုဗီနမ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေသချုပ်တို့က ချီးမြှင့်ပေး၍လည်းကောင်း၊ ရှမ်းပြည်နယ်ဗိုဗီနမ်အသင်းနှင့် ပြေးခုန်ပစ် အသင်းအုပ်ချုပ်/နည်းပြများအား ဂုဏ်ပြုဆုငွေများကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။