အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၄)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြား

ရန်ကုန်၊ဩဂုတ်လ(၂၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နေ့လယ် (၂)နာရီအချိန်က ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းနိုင်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးထွန်းနိုင်ဦးနှင့် တာဝန်ရှိသူတို့က (၄)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သွားရောက်ယှဥ်ပြိုင်မည့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘောအားကစားနည်းတို့မှ အုပ်ချုပ်/နည်းပြများ၊ အားကစားသမားများ စုစုပေါင်း (၂၆)ဦးတို့၏ လေ့ကျင့်နေမှုအခြေအနေများနှင့် အထွေထွေကိစ္စရပ်များအား အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ပြိုင်ပွဲသို့ စံချိန်စံညွှန်းကောင်းမွန်ပြီး အရည်အသွေး အရည်အချင်းပြည့်ဝသည့် အားကစားသမားများဖြင့် သွားရောက်ယှဉ်ပြိုင်စေလိုကြောင်း ၊ စိတ်ဓာတ်၊ ခံယူချက်အပြည့်အဝဖြင့် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို အထူးအရေးပေးပြီး ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများကိုလည်း ဘဝအာမခံချက်ရှိစေရန်အတွက် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုကြေးငွေများ ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင်လည်း နောက်ဆုံးအချိန်အထိ အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားသွားကြရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အားကစား အောင်မြင်မှုရရှိအောင် အစွမ်းကုန်ကြိုးစားကြရန်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန် စံညွှန်းသည် တတိယဆိုသည့်အတိုင်း အားကစားသမားများအနေဖြင့် ကျန်းမာရေးကို အထူးဂရုပြုကြရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်အတွင်းရှိ Synthetics ပြေးလမ်း ပျက်စီးချို့ယွင်းနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။