အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် မြန်မာ-တရုတ် ချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် လှူဒါန်းငွေပေးအပ်ခြင်းအခမ်းအနားတက်ရောက်

ရန်ကုန်၊ သြဂုတ်လ(၆)ရက်။

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် မြန်မာ-တရုတ် ချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် လှူဒါန်းငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉:၃၀)အချိန်တွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး H.E. Mr Chen Hai နှင့် သံရုံးမိသားစုဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ အားကစားသမားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ် ပထမပိုင်းအရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမင်းသိန်းဇံ ကအဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့အထိ တရုတ်ပြည်သူသမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့၌ ကျင်းပ ပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ဘောလုံး၊ ဝူရှူး၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြားပစ်၊ E-Sport (၇)နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ၄င်းတို့အနက် ဘောလုံး၊ လှေလှော်၊ ဝူရှူးအားကစားအဖွဲ့ (၃)ဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ အလှူငွေ ပေးအပ်ခြင်းနှင့် ချစ်ကြည်ရေးအားကစားဖလှယ်ပွဲကျင်းပပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ပတ်သက်ပြီး Goverment to Goverment Joint training အစီအစဉ်များကို ၂၀၁၃ခုနှစ် မှ စတင်၍ နှစ်စဉ် ကူညီထောက်ပံ့ပေးသည့်အတွက် မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲများမှာ အောင်မြင်မှုရရှိခဲ့တာဖြစ်ပြီး လာမည့် ၂၀၂၅ခုနှစ်၊ ထိုင်းနိုင်ငံမှာ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် နှစ်ရှည်ပူးတွဲလေ့ကျင့်ခွင့်ရရှိရေး၊ နည်းပြများစေလွှတ်ပေးခြင်း၊ မြန်မာနိုင်ငံသို့လာရောက် ပူးတွဲလေ့ကျင့်ပေးခြင်း၊ အားကစားနည်းအလိုက် လိုအပ်လျက်ရှိသော ခေတ်မီအားကစားပစ္စည်းများ ထောက်ပံ့ပေးရေးတို့ကို ဆက်လက်ကူညီ ဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr Chen Hai က မကြာမီ ဟန်ကျိုးမြို့မှာကျင်းပတော့မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကြီးဟာ အာရှတိုက်ရှိ နိုင်ငံပေါင်းစုံက အားကစားသမား ၁၉၀၀၀ ကျော်က ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး၊ တိုးတက်ရေးဆိုတဲ့ အာရှအားကစားသံစဉ်ကို အတူဖော်ဆောင်သွားကြမှာဖြစ်ပါကြောင်း၊ အာရှတိုက် စွမ်းရည်ကို ပြသ၍ Heart to Heart @ Future ဆိုတဲ့ ဆောင်ပုဒ်လိုမျိုး နှလုံးသားခြင်းပေါင်းစပ်ပြီး ၊ အနာဂတ်ဆီချီတက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကိုဗစ် ၁၉ ကာလအလွန်မှာ အားကစားကူးလူး ဖလှယ်မှုတွေကို အတူတကွ ဖော်ဆောင်ပြီး မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်များသို့ အမေရိကန်ဒေါ်လာ (၂၈၀၅ ) စီ ပေးအပ်လှူဒါန်းရာ တာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ အားကစားအဖွဲ့ချုပ်များကိုယ်စား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း က လည်းကောင်း၊ အားကစားသမားများကိုယ်စား မြန်မာ့လက်ရွေးစင်ဝူရှူး အားကစားမယ် စန္ဒီဦး ကလည်းကောင်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သံအမတ်ကြီးက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

ထို့နောက် သံရုံးမိသားစုဝင်များနှင့် တရုတ်နိုင်ငံတွင် Joint training သွားရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများ တွဲဖက်၍ သရုပ်ပြအစီအစဉ် ပြသခဲ့ပြီး အခမ်းအနား ပထမပိုင်းအစီအစဉ်အား ကျင်းပခဲ့ပါသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် သံရုံးမိသားစုဝင်များ၊ ဧည့်သည်တော်များနှင့် အားကစားသမားများ ပါဝင်သည့် ချစ်ကြည်ရေး လှေလှော်အားကစားပြိုင်ပွဲ ကျင်းပခဲ့ပြီး ပထမပန်းဝင်လာသောအသင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ကြိုဆိုကြပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် လေ့ကျင့်နေသော နည်းပြနှင့် အားကစားသမားများအား တစ်ဦးချင်းစီ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ မိမိဝါသနာပါသော အားကစားနည်းကို ဉာဏ်စွမ်းရှိသမျှ ဝီရိယ စိုက်ထုတ်၍ နိုင်ငံဂုဏ်ဆောင်နိုင်ရေးအတွက် ကြိုးစားလေ့ကျင့်ကြရန်နှင့် နည်းပြ/အုပ်ချုပ်သူများအနေဖြင့်လည်း နယ်မှလာသော အားကစားသမားလေးများအား အားကစားစွမ်းရည်တိုးတက်အောင် လေ့ကျင့်ပေးမှုအပြင် စိတ်အဟာရ ပြည့်ဝစေရန် အုပ်ထိန်းသူမိဘများနှင့် အဆက်အသွယ်မပြတ်စေရေးကို တစ်လတစ်ကြိမ် ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားခဲ့ပြီးနောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသာ အားကစားကိစ္စရပ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အဖွဲ့ချုပ် အနေဖြင့်လာမည့် ၂၀၂၅ခုနှစ် တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၌ ကျင်းပရေးကော်မတီမှ သတ်မှတ်သည့် ပြိုင်ပွဲအမျိုးအစားတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်းနှင့် အရှေ့တောင်အာရှ၊ အာရှ ရွက်လှေအဖွဲ့ချုပ်များနှင့် ဆက်သွယ်၍ မိမိအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အားကစားအဖွဲ့ချုပ်တိုင်း၏ လုပ်ဆောင်မှုကို အစဉ်အားပေးလျက်ရှိပြီး အဖွဲ့ချုပ်အနေဖြင့်လည်း ယခင်ရရှိခဲ့သည့် အောင်မြင်မှုများထက်မနိမ့်ကျသော အောင်မြင်မှုမျိုး ရရှိရေးကို အလေးထားဆောင်ရွက်၍ တိုးတက်မှုရှိအောင် ဖော်ဆောင်ပေးစေလိုကြောင်း လမ်းညွှန်မှုပြုခဲ့ကြောင်းသိရှိရသည်။