အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုနယ်မြေ နေပြည်တော် အ.ထ.က (၆) တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ် (၃၁)။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

သရုပ်ပြသ

ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ တွင် သွားရောက်ယှဉ်ပြိုင်ကြမည့် ဗိုဗီနမ်အားကစား မောင်မယ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် အခြေခံပညာကျောင်းများမှ အားကစားမောင်မယ်များက ဝူရှူး၊ အေရိုးဗစ်နှင့် ကျွမ်းဘားအားကစားတို့ကို သရုပ်ပြသကြသည်။

ဆက်လက်၍ ဟာသပညာရှင်များဖြစ်ကြသည့် ဒိန်းဒေါင်၊ စိစိနှင့်ချစ်စုတို့က ရယ်ရွှင်ဖွယ်ရာ ဟာသပျက်လုံးများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီးဦးရဲတင့်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာများ ပြည့်စုံနေရန်လိုကြောင်း၊ ထို့ကြောင့် အသိပညာအတတ်ပညာ အပါအဝင် ဗလငါးတန်ဖွံ့ဖြိုးစေမည့် ပညာရေးစနစ် တစ်နည်းအားဖြင့် ဘက်စုံပညာရေးစနစ်ကို အကောင် အထည်ဖော်နေပါကြောင်း၊ ဘက်စုံပညာရေးသည် ကျယ်ပြန့်ပါကြောင်း၊ ဘက်စုံပညာရေးတွင် ထူးချွန်ရမည့်၊ ရှိရမည့်အရည်အသွေးများ များစွာ ပါဝင်ပါကြောင်း။

ပြုစုပျိုးထောင်

လူငယ်များ စာပေအတတ်ပညာသာမက ဘဝအတွက်လိုအပ်သည့် အသိပညာများပါတိုးတက်အောင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသားလူငယ်များအနေဖြင့်လည်း ဘက်စုံထူးချွန်သည့် ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသားကျောင်းသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ဆရာဆရာမများကလည်း တပည့်သားသမီးများကို ဘက်စုံထူးချွန်သည့် နိုင်ငံတော်ကအားထားရမည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးရဲတင့်က ဆရာမကြီးဒေါ်မေကျော့ရှင်းအား အမှတ်တရလက်ဆောင် ပေးအပ်ပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အားကစားပစ္စည်းများကို လည်းကောင်းပေးအပ်လှူဒါန်းကြရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က လက်ခံရယူသည်။

ဆွေးနွေးပြောကြား

ယင်းနောက် ဆရာမကြီး ဒေါ်မေကျော့ရှင်းက အသိပညာနှင့် ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် မင်္ဂလာပါဆိုသည်မှာ အင်မတန်တန်ဖိုးရှိသည့် မြန်မာ့ယဉ်ကျေးမှု နှုတ်ခွန်းဆက်စကားဖြစ်ကြောင်း၊ လူကြီးလူငယ်၊ နံနက်၊ ညနေအချိန်အခါမရွေး မင်္ဂလာပါ တစ်လုံးတည်းနှုတ်ဆက်ရုံဖြင့် မင်္ဂလာရှိသွားကြောင်း၊ ထို့ကြောင့် မင်္ဂလာပါဆိုသည့်စကားကို အမြဲတမ်းမမေ့မလျော့ဘဲ သုံးစွဲပေးရန်မှာကြားလိုကြောင်း၊ ကလေးများအနေဖြင့် မသိတာကိုမေးမြန်းစေလိုကြောင်း၊ ဆရာဆရာမများကို ရိုသေလေးစားပြီး မေးမြန်းချင်သည့် ဆန္ဒရှိပါကမေးမြန်းစေလိုကြောင်း၊ လောကတွင် ကောင်းခြင်းနှင့်ဆိုးခြင်းနှစ်မျိုးတည်းသာရှိကြောင်း၊ ထို့ကြောင့်မိမိ၏ပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာပြီး ကောင်းခြင်းဆိုးခြင်းကို သိအောင်စဉ်းစားရမည်ဖြစ်ပါကြောင်း။

ပညာတွင် အသိပညာနှင့်အတတ်ပညာဟူ၍ နှစ်မျိုးရှိပါကြောင်း၊ ကလေးတို့အနေဖြင့် အသိပညာရရန်အတွက် စာများများဖတ်ရန်လိုအပ်ကြောင်း၊ စာဖတ်ခြင်းအားဖြင့် ကောင်းခြင်းဆိုးခြင်းကိုလည်း ခွဲခြားနိုင်ကြောင်း၊ လောကတွင်စိတ်သည်လည်း အဓိကအရေးကြီးကြောင်း၊ စိတ်ကိုဖြူစင်အောင်ထားရမည်ဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားဟု ဆိုရာတွင် ဗုဒ္ဓဘာသာတွင် ငါးပါးသီလရှိကြောင်း၊ မူးယစ်ဆေးဝါးကို လုံးဝရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ ကိုယ်ကျင့်တရားအပြင် ကိုယ်ပိုင်အကျင့်တရားလည်းရှိကြောင်း၊ ကိုယ်ပိုင်အကျင့်တရားဆိုသည်မှာ ကိုယ်ကိုယ့်ကိုယ် ကောင်းအောင်ပြုမူ ပြုပြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မကောင်းသည့်အရာများကို လုံးဝရှောင်ကြဉ်ပြီး ဘဝကိုအောင်မြင်အောင် ကြိုးစားရမည်ဖြစ်ကြောင်းစသဖြင့် ကျောင်းသားကျောင်းသူများအား အကျယ်တဝင့်ဆွေးနွေးပြောကြားပြီး ဆရာမကြီး ဒေါ်မေကျော့ရှင်း၏ မြန်မာ့အသံဓာတ်ပြားရ တေးသီချင်းဖြစ်သော “ဆရာမတို့ငယ်ငယ်တုန်းက….” သီချင်းကို နောက်ခံတီးလုံးဖွင့်၍ သီဆိုပြသည်။

ဆက်လက်၍ MRTV– 4 ရုပ်သံမှ အနုပညာရှင်များဖြစ်ကြသည့် လူးကပ်စ်၊ နက်ရှိုင်းကို၊ သံစဉ်ဆည်းဆာနှင့် မေသင်းကိုတို့က မိတ်ဆက်စကား ပြောကြားကြသည်။

ပါဝင်ဆင်နွှဲ

ထို့နောက် ခန်းမအပြင်ဘက်၌ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား၊ လူငယ်များဗဟုသုတရရှိစေရန် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲ ခင်းကျင်းပြသခြင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်ရန် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)မှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ထားရှိပေးထားခြင်း၊ စကားပုံဆက်၊ ရုပ်ပုံဆက်၊ ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ စီစဉ်ပေးထားခြင်း၊ MRTV – 4 ရုပ်သံမှ အနုပညာရှင်များက ကျောင်းသား ကျောင်းသူများနှင့်အတူ ပျော်ရွှင်ဖွယ် Game များကစား၍ အနိုင်ရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ ဟာသပညာရှင် ဒိန်းဒေါင်၊ စိစိနှင့် ချစ်စုတို့က အမှတ်တရလက်မှတ်ရေးထိုးပေးခြင်း၊ ကလေးများနှင့်အတူ ဆော့ကစားခြင်းစသည့် အစီအစဉ်များကိုလည်း ထည့်သွင်းထားရှိရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စား ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲကြည့်ရှု လေ့လာကြသည်။

သတင်းစဉ်