အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၁) ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော်၊ ဩဂုတ် (၃၀)။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ကြမည့် ဗိုဗီနမ်အားကစားမောင်မယ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် အခြေခံပညာကျောင်းများမှ အားကစားမောင်မယ်များက ဝူရှူး၊ အေရိုးဗစ်နှင့် ကျွမ်းဘားအားကစားတို့ကို သရုပ်ပြကစားပြကြသည်။

ပေးအပ်ချီးမြှင့်

ထို့‌နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အားကစားမောင်မယ်များအား ငွေကျပ်ငါးသိန်း ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဟာသပညာရှင်များဖြစ်ကြသည့် ဒိန်းဒေါင်၊ စိစိနှင့် ချစ်စုတို့က ရယ်ရွှင်ဖွယ်ရာ ဟာသပျက်လုံးများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ က ပြည်မြန်မာသီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများ မှန်ကန်သည့်အသိပညာများ ရရှိစေရေးအတွက် ယနေ့ စာပေဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဆရာမကြီးဒေါ်မေကျော့ရှင်း၏ ဟောပြောဆွေးနွေးချက်များကို စိတ်ဝင်စားစွာ နားထောင်မှတ်သားစေလိုကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိကိုယ်မိမိယုံကြည်မှုနှင့် ရဲရင့်မှုရှိရန် လိုအပ်ကြောင်း။

အများအကျိုးသယ်ပိုးနိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် ကျောင်းသား/ ကျောင်းသူများကို အလေးထားတန်ဖိုးထားပါကြောင်း၊ ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်ပြီး မှန်ကန်သည့်အသိပညာများရရှိစေရန် ကျောင်းများသို့ သွားရောက်၍ ဆွေးနွေးဟောပြောရန် လမ်းညွှန်ထားပါကြောင်း၊ နောင်တစ်ချိန်တွင် ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံ့တာဝန်ကိုထမ်းဆောင်ကြရမည်ဖြစ်ရာ ထိုသို့ထမ်းဆောင်ရာတွင် ရဲရင့်ယုံကြည်စွာဖြင့် အများအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့်သူများဖြစ်ရန်နှင့် နိုင်ငံတော်က အားထားရသည့် သားကောင်း၊ သမီးကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆရာမကြီးဒေါ်မေကျော့ရှင်းက ဆွေးနွေးပြောကြားရာတွင် မိမိဖတ်မှတ် ထားသမျှ၊ လေ့လာထားသမျှ၊ တရားတော်များ နာယူမှတ်သားထားသမျှထဲမှ မျှဝေ ဆွေးနွေးခြင်း သာဖြစ်ပြီး ဟောပြောသည်ဟု သဘောမထားပါကြောင်း၊ လူငယ်များအနေဖြင့် အသိဉာဏ်ရှိရန်နှင့် ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ မျှဝေဆွေးနွေးပြောကြားသွားမည်ဖြစ်ပါကြောင်း၊ အသိပညာနှင့် အတတ်ပညာဟူ၍ရှိရာတွင် စာများများဖတ်ရန်လိုပါကြောင်း၊ မည်သည့်စာကိုမဆို ဖတ်ရန်လိုပြီး စာကိုမည်ကဲ့သို့ ဖတ်ရမလဲဆိုလျှင် စာကိုဖတ်ရှုရာတွင် တွေးတောစဉ်းစားရန်လိုပါကြောင်း၊ ပညာထူးချွန်သူထံမှ စာမေးရာတွင် မရှက်ရန်လိုကြောင်း၊ အသိပညာကို ကိုယ်တိုင် ရှာဖွေရမည် ဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားဟုဆိုရာတွင် ငါးပါးသီလကိုလုံခြုံအောင် ထိန်းသိမ်းရန်လိုကြောင်း၊ မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ရန်နှင့် ဆေးလိပ်မှအစပြု၍ မစမ်းသပ်ရန်လိုကြောင်း၊ မိန်းကလေးများ အနေဖြင့် ခေတ်မီအောင်နေထိုင်ကျင့်ကြံရန်လိုအပ်သော်လည်း ခေတ်ဆန်ခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုကြောင်း၊ ချီးမွမ်းခြင်းနှင့် အကဲ့ရဲ့ ခံခြင်းနှစ်မျိုးတွင် ချီးမွမ်းခြင်းကိုသာ အားလုံးလိုလားကြမည်ဖြစ်ကြောင်း၊ အလားတူ အကောင်းနှင့် အဆိုးတွင် အကောင်းကိုသာ ဖြစ်လိုကြမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးပြောကြားပြီး ဆရာမကြီးဒေါ်မေကျော့ရှင်း၏ မြန်မာ့အသံဓာတ်ပြားရ တေးသီချင်းဖြစ်သော “ကလေးတို့ရေ လာကြလာကြ” သီချင်းကို နောက်ခံတီးလုံဖွင့်၍ သီဆိုပြခဲ့ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆရာမကြီးအား အမှတ်တရ လက်ဆောင် ပေးအပ်သည်။

ပေးအပ်လှူဒါန်း

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အားကစားပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်သင်းက လက်ခံရယူသည်။

ဆက်လက်၍ MRTV – 4 ရုပ်သံမှ အနုပညာရှင်များဖြစ်ကြသည့် လူးကပ်စ်၊ နက်ရှိုင်းကို၊ သံစဉ်ဆည်းဆာနှင့် မေသင်းကိုတို့က မိတ်ဆက်စကားများ ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက MRTV-4 ရုပ်သံမှ အနုပညာရှင်များ အား အမှတ်တရလက်ဆောင် ပေးအပ်သည်။

ပျော်ရွှင်စွာဆင်နွှဲ

ယင်းနောက် ခန်းမအပြင်ဘက်၌ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများ ကို ကျောင်းသား၊ လူငယ်များ ဗဟုသုတရရှိစေရန် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲ ခင်းကျင်းပြသခြင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် စာအုပ် စာစောင်များ လေ့လာဖတ်ရှုနိုင်ရန် လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) မှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် ထားရှိပေးထားခြင်း၊ စကားပုံဆက်၊ ရုပ်ပုံဆက်၊ ခွက်နင်းလမ်းလျှောက် ပြိုင်ပွဲများ စီစဉ်ပေးထားခြင်း၊ MRTV – 4 ရုပ်သံမှ အနုပညာရှင်များက ကျောင်းသား/ကျောင်းသူများနှင့်အတူ ပျော်ရွှင်ဖွယ် Game များကစား၍ အနိုင်ရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ ဟာသပညာရှင် ဒိန်းဒေါင်၊ စိစိနှင့်ချစ်စုတို့က အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း၊ ကလေးများနှင့်အတူ ဆော့ကစားခြင်းစသည့် အစီအစဉ်များကိုလည်း ထည့်သွင်းထားရှိရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲကြည့်ရှုလေ့လာကြသည်။

သတင်းစဉ်