အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင် (၁၈)။

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ နေပြည်တော်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူငယ်တွေဟာ နောင်တစ်ချိန်တွင် တိုင်းပြည်တာဝန်ကို ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမဲ့ သူတွေပဲဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်တိုးတက်ဖွံ့ဖြိုးဖို့ ယခုထက် အဆင့်မြင့်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ဆိုရင် ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အပါအဝင် တစ်နိုင်ငံလုံးရှိ လူငယ်များရဲ့ကဏ္ဍဟာ အထူးအရေးကြီးပါကြောင်း၊ ပုခုံးပြောင်း တာဝန်ယူကြရမည့် လူငယ်များသည်လည်း ပညာအရည်အချင်းများ ပြည့်ဝပြီး ဗလငါးတန်ပြည့်စုံကာ တန်ဖိုးရှိတဲ့ လူငယ်တွေဖြစ်လာရင် တိုင်းပြည်ဟာလည်း တန်ဖိုးရှိပြီး ဖွံ့ဖြိုးတိုးတက်လာမှာ သေချာပါကြောင်း၊

မိမိ မိသားစုနှင့် မိမိတိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ လူသားဖြစ်ဖို့ ယခုကျောင်းသား၊ ကျောင်းသူအရွယ်ကတည်းက အရည် အချင်း တွေပြည့်စုံအောင် ပညာကိုကြိုးစားသင်ကြားရုံမက (ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ) ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝစေရန် အနာဂတ်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာစေရန် ကြိုးစားနေထိုင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းက လူငယ်နှင့် အားကစားခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် အားကစားသရုပ်ပြအဖွဲ့က တိုက်ကွမ်ဒိုအားကစားနည်းဖြင့် သရုပ်ပြသခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး လူငယ်ရေးရာဦးစီးဌာနမှ ဉာဏ်စမ်းပဟေဠိ အမေး၊ အဖြေ အစီအစဥ်ကို ဆက်လက်ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစား ပစ္စည်းများအား လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် အားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုငွေများနှင့် ဉာဏ်စမ်းပဟေဠိ အမေး၊ အဖြေ အစီအစဥ်တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။