အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၁၇

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှစတင်၍ကျင်းပခဲ့ရာ ယခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ရောက်ရှိပြီဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အစွမ်းအစများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုအသင်း အောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေး ဇွဲ ၊ စိတ်ဓာတ် အပြည့်ဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ အားကစားသမား အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ပြောဆိုနေထိုင်ဆက်ဆံပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်ပြသ ကြစေလိုကြောင်း၊ ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်ပေးကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် ပေးရန်လိုကြောင်း၊ ယခုပြိုင်ပွဲများကတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားလေ့ကျင့် ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတို့သည် ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး ယနေ့ပွဲစဉ်များအဖြစ် အမျိုးသားနှစ်ယောက်တွဲ (အပြ) ပြိုင်ပွဲ၊ အမျိုးသား တစ်ဦးချင်း (အတိုက်) ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လာရောက်ယှဉ်ပြိုင်ကြသည့် ဗိုဗီနမ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ဗိုဗီနမ်မျိုးဆက်သစ် အားကစားသမားများပေါ် ထွက်လာစေရေး၊ ဗိုဗီနမ် အားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားခြင်းဖြင့် မြန်မာနိုင်ငံ၏ ဗိုဗီနမ် အားကစားအဆင့်အတန်းတိုးတက် မြင့်မားလာစေရေးအတွက်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဗိုဗီနမ် အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပေးခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲကို ဇူလိုင် ၁၇ ရက်မှ ၂၀ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၃)သင်း၊ အမျိုးသမီးအသင်း (၁၃)သင်း၊ အားကစားသမား စုစုပေါင်း (၂၂၁) ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်