အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အား/ကာသိပ္ပံ(ရန်ကုန်)ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ရန်ကုန်၊ သြဂုတ်လ(၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန(တိုင်း/ရုံး) အစည်းအဝေးခန်းမ၌ တိုင်းရုံး၊ ခရိုင်၊ မြို့နယ်များမှ အရာထမ်း/အမှုထမ်းများနှင့် ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေး လမ်းညွှန်မှုများ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးမှ တည်ဆောက်ရေးလုပ်ငန်းများ၊ ရုံးကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့မှု အပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှုပြုခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ နေ့လယ်(၂:၃၀)နာရီ အချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဆေးဘက်ဌာနစု၊ B.Sc(Sport)၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်းစုစုပေါင်းအင်အား (၃၁၉)ဦး တက်ရောက်ပြီး ဌာနစု/ဌာနစိတ်အလိုက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကိုတင်ပြရာဒုတိယဝန်ကြီးမှ ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် လမ်းညွှန်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို အားပေးလျက်ရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း အားကစားကွင်း/အားကစားရုံများ၊ ရေကူးကန်များ တည်ဆောက်ပေးလျက်ရှိကြောင်း၊ အားကစားအောင်မြင်တိုးတက်အောင် ဆောင်ရွက်ရာတွင် ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်ရေးရာကဏ္ဍသည်လည်းပါဝင်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖြစ်သည့်အတွက် အားကစားဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် လူငယ်ရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များတွင်လည်း ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ ရုံးစာရေးသား တင်ပြမှုများပေါ်တွင် အရေးအသား အတွေးခေါ် ကောင်းမွန်စေရန် အတွက် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ကွန်ပျူတာ၊ အင်္ဂလိပ်စာ တတ်ကျွမ်းရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်နှင့် မညီညွတ်သည့်ကိစ္စရပ်များကို အထူးရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း ပြောကြားပြီးနောက် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရသည်။