အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီးဦးမျိုးလှိုင်၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေး

ရန်ကုန်၊သြဂုတ်လ(၁၀)ရက်။

၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အုပ်ချုပ်/နည်းပြများနှင့်အားကစားသမားများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းရဲ့ရည်ရွယ်ချက်များကတော့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်လှေလှော်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ လှေလှော်အားကစားနည်းအား ပြည်သူအများ စိတ်ဝင်စားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ လှေလှော်အားကစားသမားများအချင်းချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနဲ့ လှေလှော်အားကစားနည်းအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့အတွက် ဖြစ်ကြောင်း၊ Traditional Boat Race လှေလှော်အားကစားနည်းသည် ၁၉၉၁ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှစပြီး ယခုကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးရယူပေးနိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် ကမ္ဘာ့အဆင့်ပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲများ၊ ASEAN University Games များတွင်လည်း နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များကို ဆွတ်ခူးရယူပေးခဲ့ပါကြောင်း၊ ယခု၂၀၂၃ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့မှာ ကျင်းပပြုလုပ်မယ့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ ရိုးရာလှေပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း၊ လှေလှော်အားကစားနည်းရဲ့ ရရှိထားသည့်အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး အရှေ့တောင်အာရှအဆင့်မှအာရှအဆင့်၊ အာရှအဆင့်မှကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်အောင်ကြိုးစားသွားရန်လိုအပ်ကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်း ဥပဒေများကို လေးစားလိုက်နာကြရန်၊ ဒိုင်လူကြီးများကလည်းသမာသမတ်ရှိရှိတရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ကြရန်၊ လှေလှော်အားကစားနည်း ဆောင်ပုဒ်ဖြစ်တဲ့ ” လှေခွက်ချည်းကျန်အလံမလဲ သေသည့်တိုင်အောင်တက်ကိုဆောင်၊ တက်ညီလက်ညီရှေ့သို့ချီ ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကြိုးစား ဆောင်ရွက်သွားရန်တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုပြီးနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိပုဂ္ဂိုလ်များက ပြိုင်ပွဲဝင်အသင်းများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ထွက်ခွာပြီး ပထမနေ့ပွဲစဉ်များ အဖြစ် မီတာ (၂၀၀) အမျိုးသား/ အမျိုးသမီး (၇) တက်လှေပြိုင်ပွဲ၊ မီတာ(၂၀၀) အမျိုးသား/ အမျိုး သမီး (၁၀)တက်လှေပြိုင်ပွဲ၊ မီတာ (၂၀၀) Mixed (၁၀)တက်လှေပြိုင်ပွဲများကိုကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်သို့ ရောက်ရှိပြီး အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရေကူး၊ ပြေးခုန်ပစ်၊ ထိုင်လျှက်ဘော်လီဘော အားကစားအဖွဲ့များ၏ နေထိုင်၊ စားသောက်ရေးနှင့် လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားသမားများ၏ တင်ပြချက် များအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီးလိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ တာမွေမြို့နယ်၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အားကစားဝင်းအတွင်းရှိ ဝူရှူး အားကစားလေ့ကျင့်ရေးရုံသို့ ရောက်ရှိပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုမြို့တွင် ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲနှင့် ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ရိုးရာလှေလှော်( Dragon boat) ကျား (၁၂) တက်လှော် နှင့် မ(၁၂)တက်လှော် အားကစားနည်းတို့မှ အားကစားသမားများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး အားကစားသမားများ၏ လိုအပ်ချက်များအား ဖြည့်ဆည့်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ပြန်လည်ရောက်ရှိလာရာ ပထမနေ့ပွဲစဉ်အဖြစ် မီတာ(၂၀၀) (၇)တက်လှော် (အမျိုးသမီးအသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁၅)သိန်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊ မီတာ(၂၀၀) (၇)တက်လှော် (အမျိုးသားအသင်းလိုက်) ပြိုင်ပွဲတွင်ပထမဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁၅)သိန်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၁၀)သိန်း၊ တတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းတို့ကို မြန်မာ နိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းမှလည်းကောင်း၊ မီတာ(၂၀၀) (၁၀)တက်လှော် (အမျိုးသမီးအသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသောဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း (၂၀) ၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်း၊တတိယဆုရရှိသော မန္တလေး တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်းနှင့် မီတာ(၂၀၀) (၁၀)တက်လှော် (အမျိုးသားအသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း (၂၀)၊ ဒုတိယဆုရရှိသောဧရာဝတီတိုင်းဒေသကြီးအသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁၅)သိန်း၊ တတိယဆုရရှိသောပဲခူးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်း တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်မှလည်းကောင်း၊ မီတာ(၂၀၀) (၁၀)တက်လှော် (အမျိုးသား+ အမျိုးသမီးအသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း (၂၀) ၊ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်းတို့ကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။