အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတက်ရောက်

မုံရွာ ဒီဇင်ဘာ(၂၅)ရက်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် အားကစားကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အဘက်ဘက်မှ အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် မူဝါဒချမှတ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်၏ အားကစားမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အစွမ်းကုန်ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာကြပြီး မိမိတို့၏အရည်အချင်းများကို ပေါ်လွင်အောင် အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအား ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ငွေကျပ်သိန်း ၄၀ အား တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်ထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကြပြီး စစ်ကြောင်းပုံစံဖြင့် အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသား၊ အမျိုးသမီး မီတာ ၄၀၀၊ မီတာ ၂၀၀၊ မီတာ ၁၀၀ ပြိုင်ပွဲများအားကြည့်ရှု အားပေးကြသည်။

ထို့နောက် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုတံဆိပ်များအသီးသီး ပေးအပ်ချီးမြင့်ကြပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသား၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလျားခုန်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုတံဆိပ်များအသီးသီး ပေးအပ်ချီးမြင့်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ(၂၄) ရက်နေ့မှ (၂၇)ရက်နေ့အထိ အားကစားနည်း(၇)မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးဌာန ၁၀ ခုမှ အားကစားသမား (၄၀၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။