အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ခရစ်ကတ် Level “ O” နည်းပြနှင့် ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၂၃)။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ခရစ်ကတ် Level “ O” နည်းပြနှင့် ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာဗိမာန်ခန်းမ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊  ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ လူငယ်/လူရွယ်များ ခရစ်ကတ်အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးအတွက် မြို့နယ်များတွင် ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင်များအား ပြန်လည်သင်ကြားပြသပေးနိုင်စေ ရန်အတွက် ဤသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး နိုင်ငံတကာနှင့်အဘက်ဘက်တွင် ရင်ဘောင်တန်းနိုင်စေရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံကိုလည်း တစ်ခန်းတစ်ကဏ္ဍထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျ ကြိုးပမ်းဆောင်ရွက်နေသလို ကြိုးပမ်းမှုများ၏ အောင်မြင်မှုများကို နိုင်ငံတကာအားကစားပြိုင်ပွဲများမှာ ယှဉ်ပြိုင်အနိုင်ယူသည့် စွမ်းဆောင်ရည်ဖြင့်သာ ဖော်ထုတ်ရမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမိုက်ကယ်ကျော်မင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမိုက်ကယ်ကျော်မင်းတို့က မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ ထောက်ပံ့လှူဒါန်းသည့် ခရစ်ကတ် အားကစားပစ္စည်းများအား ပေးအပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက လက်ခံရယူခဲ့သည်။

အဆိုပါ ခရစ်ကတ် Level “O” နည်းပြနှင့် ဒိုင်သင်တန်းကို မြို့နယ် (၈) မြို့နယ်အတွင်းရှိ သင်တန်းသား/သင်တန်းသူ (၂၀) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီလ (၂၃) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ဇန်နဝါရီလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၈)သင်း နှင့် ပြိုင်ပွဲဝင်အမျိုးသမီးအသင်း (၈)သင်းတို့ဖြင့် ပြိုင်ပွဲများကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။