Sports Master Plan နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ(၁၉)။
မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေရှည်အသုံးပြုနိုင်မည့် Sports Master Plan နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေရှည်အသုံးပြုနိုင်မည့် Sports Master Plan ရေးဆွဲနိုင်ရေးအတွက် ထည့်သွင်းဖော်ပြလိုသည့် အချက်များနှင့် ထပ်မံအကြံပြုလိုသည့် အချက်များကို ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ Sports Master Plan ရေးဆွဲရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် ဒုတိယအကြိမ်ကျင်းပမည့်အစည်းအဝေးတွင် အားကစားအဖွဲ့ချုပ်များ၊ အားကစားကဏ္ဍနှင့်ပတ်သက်ပြီး နိုင်ငံခြားပညာတော်သင်သွားထားသူများနှင့် အားကစားသမားဟောင်းကြီးများထံမှ အကြံပြုချက်များ တောင်းခံသွားရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများက Sports Master Plan နှင့်ပတ်သက်ပြီး အသီးသီး ဆွေးနွေးတင်ပြခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက အားကစားနှင့်ပတ်သက်၍ ရေတို၊ရေရှည် စီမံချက်များရေးဆွဲနိုင်ရေး၊ အားကစားကဏ္ဍသည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့်အတွက် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး ပြိုင်ပွဲတိုင်းတွင် အောင်မြင်မှုရရှိစေရေးအတွက် Sports Master Plan အား ရေရှည်စီမံချက်ချမှတ်ပြီး ရေးဆွဲရန်လိုကြောင်း၊ ဖြည့်စွက်ဆွေးနွေးခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က Sports Master Plan နှင့် ပတ်သက်သည့် ရေရှည်စီမံချက်များချမှတ်ကာ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားပစ္စည်း ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းဆိုင်ရာကိစ္စရပ်များနှင့် ရုံးလုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများက လူကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်းသိရသည်။




