အားကစားရေးရာဝန်ကြီးဌာန

Loading

Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် သက်ဆိုင်ရာအားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများနှင့် အုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၀

နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြများအား အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စခန်းဝင်အားကစားအဖွဲ့များမှ အုပ်ချုပ်/ နည်းပြများတက်ရောက်ခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၇ ခုနှစ် စက်တင်ဘာလအတွင်း မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အားကစားနည်း (၄၃)နည်းဖြင့် ထည့်သွင်းကျင်းပမည်ဖြစ်ရာ အားကစားနည်း(၁၈)နည်းမဖြစ်မနေဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးမှ အားကစားနည်းအလိုက် ရွှေတံဆိပ်များရရှိနိုင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက် နေသည်ဖြစ်သည့်အတွက် အားကစားအဖွဲ့များမှလည်း အဘက်ဘက်မှ ကြိုးစားဆောင်ရွက်သွားရန် လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြစ်သော သတ်မှတ်စခန်းသွင်းဦးရေ ပြည့်မီရေးအတွက် အင်အားထပ်မံဖြည့်တင်းရန်လိုအပ်သော အားကစားနည်းများမှ လူအင်အားထပ်ဖြည့်ရန်နှင့် မရှိပါက ရေရှည်စီမံကိန်းအတွက် မျိုးဆက်သစ်ရှာဖွေမည့်အစီအစဉ်များကို ရေးဆွဲ၍ မိမိတို့အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှတစ်ဆင့် တင်ပြဆောင်ရွက်ကြစေလိုကြောင်း၊ အုပ်ချုပ်/နည်းပြများအနေဖြင့် အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင် တင်ပြပေးစေလိုကြောင်း၊ Training Program များအတိုင်း ပြည့်ပြည့်ဝဝ သင်ကြားပေး၍ အားကစားသမားများအနေဖြင့်လည်း စည်းကမ်းတကျ အပြည့်အဝလိုက်ပါ လုပ်ဆောင်ကြရန်လိုကြောင်း၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့်လည်း စခန်းဝင် အားကစားအဖွဲ့များကို အမြဲမပြတ်လိုက်လံကြည့်ရှုစစ်ဆေးအားပေးလျက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေသဖြင့် လေ့ကျင့်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲ ကာလမှာ အနည်းငယ်အလှမ်းဝေးနေသော်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် ပြိုင်ပွဲ အမျိုးအစားများအလိုက် ဆုတံဆိပ်ရရှိရေးကို ဦးတည်၍ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စံချိန်ရှိအားကစားနည်းများအနေဖြင့် စခန်းဝင်စံချိန်၊ ဆန်းစစ်စံချိန်၊ SEA Games စံချိန်များနှင့် နှိုင်းယှဉ်မှု စသည်တို့ကို လအလိုက်ဖြစ်စေ၊ သတ်မှတ်ကာလအလိုက်ဖြစ်စေ စနစ်တကျပြုစု၍ မိမိတို့အားကစား သမားများ၏ အခြေအနေကို လေ့လာဆန်းစစ်စောင့်ကြည့်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလမ်းညွှန်မှာကြားထားသည့်အတိုင်း ရွှေတံဆိပ် ရရှိနိုင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည့်အတွက် အားကစားအဖွဲ့များအနေဖြင့် လေ့ကျင့်မှု၊ နေထိုင် သွားလာစားသောက်မှုများတွင် အထူးဂရုစိုက်၍ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ အိပ်ဆောင် များတွင် Air Con များ ကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ ချက်ချင်းအမြန်ဆောင်ရွက်ပေးစေ လိုကြောင်း၊ အားကစားသမားများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ စေရန် နည်းပြ/အုပ်ချုပ်သူများမှ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ အိပ်ဆောင်ပတ်ဝန်းကျင် သန့်ရှင်းရေး တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်လျှပ်စစ်မီးသုံးစွဲမှုကိစ္စရပ်များ စနစ်တကျသုံးစွဲတတ်အောင် ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ အားကစားအဖွဲ့များအနေဖြင့် မိမိတို့၏ အိပ်ဆောင်အတွင်း/အပြင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်သွားစေလိုကြောင်း၊ မိုးရာသီကာလဖြစ်၍ ရာသီ တုပ်ကွေးရောဂါ၊ ဝမ်းရောဂါနှင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် အုပ်ချုပ်/နည်းပြ အားကစားသမားများအနေဖြင့် စနစ်တကျသွားလာနေထိုင်စားသောက်ကြရန်နှင့် ကျန်းမာရေးအထူး ဂရုစိုက်ကြရန်လိုကြောင်း၊ ထူးခြားဖြစ်စဉ်ရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ တင်ပြပေးသွားရန် လိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး၊ လူငယ်အားကစား လေ့ကျင့်ရေးစခန်း Youth Camp မှ ညွှန်ကြားရေးမှူးများ၊ စီမံ/ဘဏ္ဍာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ အားကစားကွင်း/အားကစားရုံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ အားကစားဆေးဘက်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီးနောက် Gold Camp နှင့် Youth Camp တို့မှ အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများက အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာအုပ်ချုပ်/နည်းပြများအနေဖြင့် အားကစားနည်းအလိုက် Training Program ရေးဆွဲပြီး ပြန်လည်စိစစ်ပေး၍ ညွှန်ကြားရေးမှူးချုပ်ထံတင်ပြရန် စခန်းဝင် ကစားသမားများအတွက် လိုအပ်သောပစ္စည်းရရှိရေး အချိန်မီရရှိအောင် အမြန်ဆောင်ရွက်စေလိုကြောင်း၊ အိပ်ဆောင်စစ်ဆေးရေးပိုင်းများအနေဖြင့် ရေ၊ မီး၊ မိလ္လာများ၊ Air Con ကောင်းရန်အတွက် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးပေးစေလိုကြောင်း၊ စားရိပ်သာစစ်ဆေးရေးအဖွဲ့၊ အိပ်ဆောင် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပေးထားသည့်အတွက် အထူးကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ လေ့ကျင့်ရေးသုံးပစ္စည်းများကို Size မှန်ကန်မှုရှိစေရေးအတွက် အချိန်မီရရှိအောင် အမြန်ဆောင်ရွက် စေလိုကြောင်း၊ ကျန်းမာရေးကိစ္စသည် အရေးကြီးသောကြောင့် မပေါ့ဆဘဲ အထူးဂရုစိုက်နေထိုင် သွားကြစေလိုကြောင်း၊ ကစားသမားများအနေဖြင့် စည်းကမ်းပိုင်း ဖောက်ဖျက်ပါက စည်းမျဉ်း/စည်းကမ်း အတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိပ်ဆောင်များတွင် လုံခြုံရေးမီး၊ ကော်ရစ်တာမီး လင်း/မလင်း စစ်ဆေးပေးရန်လိုကြောင်း၊ ကစားသမားများအနေဖြင့် မိမိနှင့်ယှဉ်ပြိုင်မည့် ပြိုင်ဘက်အား အမြော်အမြင်ရှိရှိဖြင့် အမြဲလေ့လာစေလိုကြောင်း၊ အကြောင်းအရာကိစ္စတစ်စုံတစ်ရာရှိပါက အဆင့်ဆင့် သတင်းပို့တင်ပြစေလိုကြောင်း ပြောကြားခဲ့သည်။