အားကစားရေးရာဝန်ကြီးဌာန

Loading

Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်အားကစားအဖွဲ့များမှ အုပ်ချုပ်သူ/နည်းပြများအား အုပ်ချုပ်မှုကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း ၍ တွေ့ဆုံပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ် ၁၉

Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်အားကစားအဖွဲ့များမှ အုပ်ချုပ်သူ/နည်းပြများအား အုပ်ချုပ်မှုကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စခန်းဝင်အားကစားအဖွဲ့ များမှ အုပ်ချုပ်သူနှင့် နည်းပြများ တက်ရောက်ခဲ့သည်။

ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရန် ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် 2nd SEA Games SEAGF Meeting အစည်းအဝေးဆုံးဖြတ်ချက်အရ အားကစားနည်း ၃၈ နည်းအပြင် အားကစားနည်း ၅ နည်းထပ်တိုး၍ စုစုပေါင်းအားကစားနည်း ၄၃ နည်းအား ပြောင်းလဲသတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံမှ အားကစားနည်း ၁၈ နည်း ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြင်ဆင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နေပြည်တော်တွင် မြားပစ်၊ ပြေးခုန်ပစ်၊ ခြင်းလုံး၊ ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်းနှင့် လက်ဝှေ့ အားကစားနည်း ၇ နည်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား ၁၂၀ ဦးဖြင့် စခန်းသွင်း၍ စုဖွဲ့လေ့ကျင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး လမ်းညွှန်မှာကြားထားသည့်အတိုင်း ရွှေတံဆိပ်ရရှိနိုင်ရေးကို ဦးတည်ဆောင်ရွက်လျက် ရှိသည့်အတွက် အားကစားအဖွဲ့များအနေဖြင့် လေ့ကျင့်မှု၊ နေထိုင်၊ သွားလာ၊ စားသောက်မှုများတွင် အထူးဂရုစိုက်၍ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ တည်းခိုနေထိုင်သည့် အိပ်ဆောင်များတွင် တပ်ဆင်ထားသည့် Air Com များမှာ ကာလကြာမြင့်ပြီးဖြစ်၍ အားလုံးပြန်လည်ပြင်ဆင်ရန် ဘတ်ဂျက်လျာထားချက်မရှိသည့် အခက်အခဲများကြောင့် ဦးစားပေးပြင်ဆင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသဖြင့် အားကစားအဖွဲ့များ နားလည်ပေးစေလိုကြောင်း၊ ၁၈-၈-၂၀၂၆ ရက်နေ့တွင် ဒုတိယဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ Gold Camp နှင့် Youth Camp ရှိ လက်ဝှေ့အားကစားသမားများ ပူးပေါင်း၍ Gold Camp လေ့ကျင့်ရေးရုံတွင် အတူတူ စုပေါင်းလေ့ကျင့်သွားရန်၊ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများအနေဖြင့် နိုင်ငံတော်မှ ခွင့်ပြုငွေအပြင် လိုအပ်သည့်အာဟာရပြည့်ဝအောင် ထပ်ဆောင်းကျွေးမွေးပေးနိုင်ရန် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ စားသောက်မှုအပိုင်းတွင်လည်း အဆင်မပြေမှုများရှိပါက နားလည်ပေးကြစေလိုကြောင်း နှင့် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာပေးစေလိုကြောင်း၊ ခွင့်တင်ပြလာမှုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာအားကစားနည်းများ၏ အုပ်ချုပ်သူ/နည်းပြများမှ အထူးစိစစ်ကြပ်မတ်ပေးရန် လိုကြောင်း၊ အိပ်ဆောင်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လျှပ်စစ်မီးသုံးစွဲမှု ကိစ္စရပ်များ၊ စနစ်တကျသုံးစွဲတတ်အောင် ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ အားကစားအဖွဲ့များ အနေဖြင့် မိမိတို့၏ အိပ်ဆောင်အတွင်း/အပြင်၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် အိပ်ဆောင် ပတ်ဝန်းကျင်ရေညှိများမရှိစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးပုံမှန်ပြုလုပ်ဆောင်ရွက် သွားရန်လိုကြောင်း၊ မိုးတွင်းကာလဖြစ်၍ ရာသီတုတ်ကွေးရောဂါ၊ ဝမ်းရောဂါများနှင့် ကူးစက်ရောဂါများ

မဖြစ်ပွားစေရေးအတွက် အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအနေဖြင့် စနစ်တကျ သွားလာနေထိုင် စားသောက်ကြရန်နှင့် ကျန်းမာရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့် တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့တင်ပြပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) နှင့် (၂) တို့မှ ညွှန်ကြားရေးမှူးများ၊ လူငယ် အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) မှ ညွှန်ကြားရေးမှူးများ၊ အားကစားဆေးဘက်ဆိုင်ရာ ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး နောက် Gold Camp နှင့် Youth Camp တို့မှ အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများက အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီး တင်ပြဆွေးနွေး ခဲ့သည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့် ဘောလုံးအသင်းတို့မှ တာဝန်ခံညွှန်မှူးများနှင့် အုပ်ချုပ်သူများက ဆွေးနွေးတင်ပြခဲ့ပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။