![]()
Football For Schools အစီအစဉ်ဆိုင်ရာ သဘောတူနားလည်မှုစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၈
Football For Schools အစီအစဉ်ဆိုင်ရာ သဘောတူနားလည်မှုစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္မူသီရိမြို့နယ် Hotel Max ၌ ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ Football For Schools Program နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ များအနေဖြင့် ကျောင်းစာတစ်ခုတည်းတွင်သာ နစ်မျှောမနေဘဲ အားကစားလေ့လာလိုက်စား နိုင်စေရန်နှင့် ဘောလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်စဉ်နှစ်တိုင်း ပံ့ပိုးကူညီ ထောက်ပံ့ပေးလျက်ရှိသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများကို များစွာကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက နှုတ်ဆက်အမှာစကားပြောကြားရာတွင် မျိုးဆက်သစ် အားကစားသမားအများစုသည် ပညာရေးလောကမှ ကျောင်းသား/ကျောင်းသူ များဖြစ်ကြကြောင်း၊ ယခုလိုကောင်းမွန်သည့် အစီအစဉ်များဖြင့် ဘောလုံးမျိုးဆက်သစ် အားကစားသမား များစွာ ပေါ်ထွက်လာစေရေးအတွက် သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများ၊ ဘောလုံးအခြေခံ သင်တန်းများ၊ ဘောလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းများကို ကျင်းပဖွင့်လှစ်သင်ကြားပေးလျက် ရှိသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပေါင်းစပ်၍ ညှိနှိုင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က Football For Schools Program နှင့်ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ်၏ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ FIFA မှ ယခုနှစ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့သည့် ဘောလုံးများကို မြန်မာတစ်နိုင်ငံလုံးရှိ ဘောလုံးအားကစားနည်းများအား လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် နေရာ များသို့ ပြန်လည်ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဘောလုံးအဖွဲ့ချုပ်နေဖြင့် သက်တမ်း အလိုက်ပြိုင်ပွဲများမှတစ်ဆင့် အရည်အသွေး၊ ဘောလုံး Talent ရှိသည့် အားကစားသမားများကို ရွေးချယ်၍ ဘောလုံးအကယ်ဒမီကျောင်းများတွင် တက်ရောက်၍ ဘောလုံးပညာရပ်သာမက ပညာရေး ကျောင်းစာများကိုပါ သင်ကြားခွင့်ရရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘောလုံး အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြန်မာ့ဘောလုံးမျိုးဆက်သစ် အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် MOU သဘောတူနားလည်မှုစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က ညွှန်ကြားရေးမှူးချုပ်များထံသို့ အမှတ်တရလက်ဆောင် အလံငယ်များအား ပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


