အားကစားရေးရာဝန်ကြီးဌာန

Loading

‎၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်‌ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ် ၂၃

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အားကစား သမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဥ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနခွဲများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက် ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများက ပြိုင်ပွဲဝင် အားကစားသမားများအား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကန့်ကွက်ရန် ရှိ/မရှိ အသီးသီး မေးမြန်းဆွေးနွေးတင်ပြခဲ့ကြရာ ပြိုင်ပွဲကျင်းပရေးအဖွဲ့နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများက စစ်ဆေး၍ ညှိနှိုင်းဆုံးဖြတ်အတည်ပြုပေးခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ ပိုက်ကျော်ခြင်းအားကစားနည်း ပိုမိုတိုးတက်ပြန့်ပွားလာစေရန်နှင့် နိုင်ငံတော်အတွက် လူငယ် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်စေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် မြန်မာ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေး ရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ၂ လကြိုတင်၍ ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ မြန်မာ့လက်ရွေးစင်အားကစားသမားအဖြစ် နိုင်ငံ့ ကိုယ်စားပြု ASIAN Games၊ SEA Games ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အားကစားသမားများအား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုပါကြောင်း၊ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းနှင့်မကိုက်ညီသော အားကစားသမားများ ခေါ်ဆောင်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားကစားသမား၏ အင်္ဂါရပ်နှင့်လျော်ညီအောင် ဆံပင်အရောင် ဆိုးထားခြင်းများ၊ နားကပ်တပ်ထားခြင်းများနှင့် စည်းကမ်းမဲ့စွာ ဝတ်စားဆင်ယင်မှုများ၊ ပြုမူပြောဆို ခြင်းများမရှိအောင် အသင်းအုပ်ချုပ်သူများက ကြိုတင်အသိပေးမှာကြားထားပြီး တာဝန်ယူ ကြပ်မတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပြိုင်ပွဲတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်၍ ၎င်း ဆုံးဖြတ်ချက်အပေါ် မကျေနပ်၍ မထီမဲ့မြင်ပြုမူခြင်း၊ ရိုင်းပျစွာ ပြုလုပ်ခဲ့ပါက ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဒိုင်လူကြီးများကလည်း တရားမျှတစွာဖြင့် ဘက်လိုက်မှု မရှိဘဲ ဆုံးဖြတ်ဆောင်ရွက်ပေးသွားစေလိုကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် စည်းမျဉ်း/စည်းကမ်း များနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်သွားကြရန် ထပ်မံအသိပေးမှာကြားလိုကြောင်း၊ ပြိုင်ပွဲတွင် အမျိုးသား တံခွန်စိုက်နှင့် အမျိုးသမီးတံခွန်စိုက်ဆုများအပြင် ဆုကြေးငွေများအနေဖြင့် (၂)ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲနှင့် (၃)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲများကို ပထမဆု ငွေကျပ်(၅)သိန်း၊ ဒုတိယဆု ငွေကျပ်(၃)သိန်း နှင့် တတိယဆု ငွေကျပ် (၂) သိန်းတို့အား ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး (၄)ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲများကို ပထမဆု ငွေကျပ်(၁၀) သိန်း၊ ဒုတိယဆုငွေကျပ်(၇)သိန်း၊ တတိယဆုငွေကျပ် (၅)သိန်း တို့အား အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအသင်းမှ အားကစားသမားများအား အနီးကပ်ကြပ်မတ်ပြီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ပေးသွားကြရန် မေတ္တာရပ်ခံ မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်က ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲအမျိုးအစားများ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် သက်ဆိုင်ရာ ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုကိစ္စရပ်များ၊ စည်းမျဉ်း/စည်းကမ်း သတ်မှတ်ချက်များနှင့် အားကစားသမား များ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရေးအဆင့်သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး အသီးသီး တင်ပြဆွေးနွေး ခဲ့ကြရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် ပွဲစဉ်ဇယား မဲနှိုက်ခြင်းများဆောင်ရွက်၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

မြန်မာ့အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့် အညီ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် Mass Sports မှ Excellent Sports အဆင့်ထိ ရောက်ရှိအောင် ငွေအား၊ လူအားများဖြင့် ငွေကုန်ကြေးကျခံ၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၁၀ ရက်ကြာ ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီး (၁၃)သင်း စုစုပေါင်း ပြိုင်ပွဲဝင်နည်းပြ၊ အားကစားသမား အင်အား ၃၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။