အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ(၂၃)။

၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Squash အားကစားရုံ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများပေါ်ထွက်လာစေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေ ရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၂၅)သင်း ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့် စည်းမျဉ်း/စည်းကမ်းများကို ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာများမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန်အတွက် ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ပြင်ဆင်ဖြည့်စွက်အကြံပြုလိုသည့် အချက်များရှိပါက မိမိတို့ဝန်ကြီးဌာနသို့ တရားဝင်စာဖြင့် ပြန်လည်ပေးပို့သွားရန်နှင့်တာဝန်ရှိသူများထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများအတိုင်း ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် အတည်ပြုပြီးသော ဝန်ကြီးဌာနကိုယ်စားပြုအားကစားသမားများအား ထပ်မံ၍ကန့်ကွက်ခြင်းများ မပြုလုပ်ရန်နှင့် လူစား လဲလှယ်ပြီး ဝင်ရောက်ကစားခြင်းများကို ခွင့်ပြုပေးမည်မဟုတ်ကြောင်း၊ ယခုနှစ်ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲတွင် အားကစားသမားများ၏ အသက်ကို(၂၅)နှစ်နှင့်အောက်သတ်မှတ်ထားပြီး အရှေ့တောင်အာရှနှင့် အာရှအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ လက်ရွေးစင်အားကစားသမား (၁)ဦးအား ပါဝင်ဖွဲ့စည်းခွင့်ပြုထားပါကြောင်း၊ ပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ကျပ်သိန်း(၂၀)၊ ဒုတိယဆု ကျပ်(၁၅)သိန်း၊ တတိယဆု ကျပ်(၁၀)သိန်းနှင့် စတုတ္ထဆု ကျပ်(၅)သိန်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲတွင် အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် တစ်ဖက်သင်းအားလှောင်ပြောင်ခြင်းများ၊ ရိသဲ့သဲ့ပြောဆိုခြင်းများ မပြုလုပ်ကြရန်နှင့် ဒိုင်လူကြီးများအပေါ် အပြုအမူရိုင်းပါက ဥပဒေအရထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကျဆင်းစေမည့် အပြုအမူ၊ အပြောအဆိုများ မပြုလုပ်ကြရန် သတိပြု ဆင်ခြင်သွားရန်လိုကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်ခြင်းမရှိဘဲ တရားမျှတစွာဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အသင်းအုပ်ချုပ်သူ/နည်းပြများမှ မိမိတို့ ပြိုင်ပွဲဝင် အားကစားသမားများ စည်းကမ်းရှိရှိ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားဆေးဘက်ဌာနခွဲနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့ ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် အုပ်စုမဲနှိုက် ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကိုပြုလုပ်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပြီး၊ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲကို (၂၄.၁၂.၂၀၂၃)မှ(၂.၁.၂၀၂၄)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအား ပေးနိုင်ပါသည်။