![]()
(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိစေရေးအတွက် စခန်းသွင်းလေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဩဂုတ် ၂၁
(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှု ဆုတံဆိပ်များရရှိစေရေးအတွက် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နိုင်ရေး၊ ဆုတံဆိပ် မျှော်မှန်းလျာထားမှု အခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပခဲ့သည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခု အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းတင်ပြပေးသွားမည်ဖြစ်ပါကြောင်း၊ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၂၇ ခုနှစ် စက်တင်ဘာလအတွင်း မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဦးစားပေးအဆင့်အလိုက် အားကစားနည်း ၃၄ နည်း စခန်းသွင်းလေ့ကျင့်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ နိုင်ငံတော် အစီအစဉ်ဖြင့် စခန်းသွင်းလေ့ကျင့်မည့် အားကစားနည်းများနှင့် အဖွဲ့ချုပ်အစီအစဉ်ဖြင့် စခန်းသွင်း လေ့ကျင့်မည့် အားကစားနည်းများခွဲ၍ သတ်မှတ်ထားပါကြောင်း၊ နေပြည်တော်နှင့်ရန်ကုန်မြို့ရှိ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များတွင် အားကစားနည်းများအား စခန်းသွင်းလေ့ကျင့်နိုင်ရေး လျာထားဆောင်ရွက်ထားပါကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် စခန်းသွင်းလေ့ကျင့်မည့် နေရာနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်နေရာများ၌ စခန်းသွင်းလေ့ကျင့် ဆောင်ရွက်သွားရန်နှင့် အားကစားကွင်း/အားကစားရုံအခြေအနေအရ မဖြစ်မနေ ရန်ကုန်မြို့၌ စခန်း သွင်းလေ့ကျင့်ရမည့် အားကစားနည်းများမှလွဲ၍ ကျန်အားကစားနည်းများအားလုံး နေပြည်တော် ၌သာ ဦးစားပေး စခန်းသွင်းလေ့ကျင့်ရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးနှင့် ပတ်သက်၍ အားကစားအဖွဲ့ချုပ်များမှ အားကစားသမားများ၏ စံချိန်စံညွှန်းနှင့် စွမ်းဆောင်ရည်ပေါ် မူတည်၍ ဆုတံဆိပ်မျှော်မှန်းလျာထားမှုအခြေအနေအား မှန်မှန်ကန်ကန် စိစစ်သုံးသပ်ပေးရန်နှင့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များအနေဖြင့် အောင်မြင်မှုရရှိစေရေးအတွက် အသေးစိတ် ဆွေးနွေးတင်ပြပေးသွား စေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)နှင့်(၂)တို့မှ ညွှန်ကြားရေးမှူးများနှင့် အားကစားဆေးဘက် ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးတို့က (၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် အောင်မြင်မှုရရှိစေရန် စခန်းသွင်း လေ့ကျင့်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ပြည်ပထွက်ခွာမည့်ကိစ္စရပ်များ၊ ပြည်ပနှင့်ပြည်တွင်းတို့၌ တာဝန် ပေးအပ်ရာတွင် အကြောင်းအရာ၊ သွားရောက်မည့်ကာလတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးသွားစေ လိုကြောင်း၊ ပြည်ပပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရန်အတွက် blacklist စစ်ရာတွင် အဆင်ပြေ ချောမွေ့ပြီး အချိန်မီရရှိစေရန် အဖွဲ့ချုပ်များမှ လိုအပ်သည့် အချက်အလက်များကို ပြည့်စုံအောင် ကြိုတင်ပို့ပေးသွားစေလိုကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် အမှန်တကယ် စခန်းသွင်း လေ့ကျင့်နိုင်မည့် အားကစားသမားများကိုသာ စိစစ်ရွေးချယ်ပြီး အမည်စာရင်းများပေးပို့၍ ခွင့်ပြု ချက် တင်ပြတောင်းခံသွားစေလိုကြောင်း စသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက စခန်းသွင်းလေ့ကျင့်မည့် နေ့ရက်နှင့်နေရာ၊ စားသောက်မှုအစီအစဉ်၊ လူရွေးချယ်မည့် အစီအစဉ်၊ ရွှေတံဆိပ်မျှော်မှန်း လျာထားသည့်အားကစားနည်းများ၊ စခန်းဝင်လေ့ကျင့်မည့် အုပ်ချုပ်သူ/နည်းပြများနှင့် ကစားသမား များ၏ လျာထားအင်အားစာရင်းများ၊ နိုင်ငံခြားနည်းပြငှားရမ်းခြင်းနှင့် Joint Training သွားရောက် လေ့ကျင့်မည့်အစီအစဉ်များ၊ ပြည်ပပြိုင်ပွဲသွားရောက်မည့်အစီအစဉ်များနှင့်ပတ်သက်ပြီး အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုဆုတံဆိပ်ရရှိစေရန် စခန်းသွင်းလေ့ကျင့်ရေး၊ အရည်အသွေးပြည့်မီ၍ စံချိန်စံညွှန်းကောင်းမွန်ပြီး ဆုတံဆိပ်ရရှိရန် အလားအလာရှိသည့် အားကစားသမားများဖြစ်အောင် လေ့ကျင်သင်ကြားပေးနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသေးစိတ် ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီးနောက် အားကစားရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်အတိုင်း မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရန်၊ နိုင်ငံတော်အတွက် အောင်မြင်မှု ဆုတံဆိပ်များရရှိပြီး အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်အောင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်မှုများနှင့်အညီ ညွှန်ကြားရေးမှူးချုပ်၏ ဦးဆောင်မှုများအတိုင်း အားကစားအဖွဲ့ချုပ်များနှင့် တာဝန်ရှိသူများအားလုံး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း၍ လက်တွဲညီစွာ အတူတကွ ကြိုးစားဆောင်ရွက်ပေးသွားကြရန် မေတ္တာရပ်ခံပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


