(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့တွင် စခန်းသွင်း လေ့ကျင့်နေသောအားကစားအဖွဲ့များကိုလိုက်လံစစ်ဆေး
ရန်ကုန် ၊ ဧပြီ (၁၅)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ၊ ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း တို့သည် ယနေ့နံနက် (၇)နာရီအချိန်က ရန်ကုန်မြို့ ၊ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိရာ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသော ရိုးရာလှေ ၊ အပြည်ပြည်ဆိုင်ရာလှေ ၊ ကနူး/ကယက်လှေ အားကစားနည်းများမှ အမျိုးသား/အမျိုးသမီးများ လေ့ကျင့်နေမှုကို ကြည့်ရှူအားပေးကာ အမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် မလွတ်တမ်း ရွှေတံဆိပ်ဆုကို ရယူနိုင်သည့် အားကစားနည်းဖြစ်ရာ အစဉ်အလာကို ဆက်လက်ထိန်းသိမ်း၍ နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော ရိုင်ဖယ်နှင့် ပစ္စတို အားကစားနည်းများမှ အမျိုးသား/အမျိုးသမီး အားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှူအားပေး စစ်ဆေး၍ သေနတ်ပစ်အားကစားနည်းသည် မလွတ်တမ်း ဆုတံဆိပ်များ ရယူပေးခဲ့သည့် အားကစားနည်းတစ်ခုဖြစ်ရာယခု ဆီးဂိမ်းတွင် နိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ရေးကြိုးစားသွားရန်ပြောကြားခဲ့သည်။
ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏကွင်းရှိ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တွင် စခန်းသွင်းလေ့ကျင့်နေသော အတိုက်နှင့် အပြ ကစားနည်းမှ အမျိုးသား/အမျိုးသမီး အားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှူအားပေး စစ်ဆေးခဲ့ပြီး အားကစားသမားများ၏လိုအပ်ချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်တင်ပြပေးသွားမှာဖြစ်ပြီး တိုက်ကွမ်ဒို အားကစားနည်းမှာလဲ ဆီးဂိမ်းပြိုင်ပွဲများတွင် ဆုတံဆိပ်များ မလွတ်တမ်း ရယူပေးခဲ့ရာဖြစ်ပြီးယခုဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံအတွက် ရွှေတံဆိပ်များ ဆွတ်ခူးနိုင်အောင် ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်ကြရန်မှာကြားခဲ့ကြောင်းသိရှိရသည်။


