အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း‌ လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ၊ ဧပြီလ (၂၂)ရက်

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ဝင်ရောက် ယှဉ်ပြိုင် နိုင်ရန် စခန်းသွင်း‌ လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ်ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်‌ ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ယှဉ်ပြိုင်‌ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ် များမှ ဥက္ကဌ ၊ အတွင်းရေးမှူးများနှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

ယနေ့အစည်းအဝေးတွင် ဘော်လီဘော၊ ပြေးခုန်ပစ်၊ မြားပစ်၊ ဘိလိယက်နှင့် စနူကာ၊ ဘတ်စကက်ဘော၊ ခြင်းလုံး၊ ပိုက်ကျော်ြခင်း၊ ဂျူဒို၊ ကရာတေး၊ ပန်ကြပ်ဆီလပ်၊ လှေလှော်၊ သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ ဝူရှူး စသည့် အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေးအား ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၊ ဒုတိယအကြိမ်အစည်းအဝေးကိုလည်း ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယဝန်ကြီးတို့နှင့် လည်း ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် အဖွဲ့ချုပ်များ မှ နေထိုင်စားသောက်ရေး၊ ထောက်ပံ့ရေး ၊လေ့ကျင့်ရေး ကိစ္စရပ်များတွင် မည်သို့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိနိုင်ရေးအတွက် မည်သို့ဆောင်ရွက်နေ ကြောင်း၊ Joint Training သွားရောက်လေ့ကျင့်ရန်အတွက် ဆောင်ရွက် ထားမှုများ ၊ ငွေကြေးကျခံမှုကိစ္စရပ်များ၊သွားရောက်မည့်အချိန်ကာလတို့အား တင်ပြစေလိုကြောင်း၊ By Number , By Name တို့ကို သတ်မှတ်ရက်အတိုင်း အဖွဲ့ချုပ်များမှ ပေးပို့ နိုင်ရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး အဆင့်(၇)အောက် မလျော့ကျစေရန် အတွက် လာမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ တွင် အောင်မြင်မှုများရရှိအောင် အားလုံးစုပေါင်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး စေလိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေး ဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် မှ ပြောကြားရာတွင် အဖွဲ့ချုပ်များမှ အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် လျာထားအားကစားသမား ဦးရေ တို့ကို ကြိုတင်စိစစ်ထားစေလိုကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် နည်းပြများ အနေဖြင့် ကစားသမားများကို အရည်အချင်း အဆင့်လိုက် သတ်မှတ် ထားစေလိုကြောင်း၊ ပဏာမလူရွေးချယ်မည့် ကာလနှင့် အပြီးသတ်လူရွေးချယ်ရေး ကာလတို့ကို လျာထားသတ်မှတ်ပြီး ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)သို့ ပေးပို့စေလိုကြောင်း၊ လေ့ကျင့်မှု Training ပိုင်း၌လည်း တတ်နိုင်ရင် နားရက်များ လျော့၍ ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးစေလိုပါကြောင်း၊ Register ထည့်သွင်းရာ တွင်လည်း အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ထည့်သွင်းရန်အတွက် လိုအပ် သည့် Data များကို ကြိုတင်စုစည်းထားရန်လိုကြောင်းပြောကြားခဲ့ပါသည်။

ယင်းနောက်အစည်းအဝေးတက်ရောက်လာသောမြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် များမှ ဥက္ကဌ၊ အတွင်းရေးမှူး နှင့် အမှုဆောင် များက (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်လျက် ရှိသော အုပ်ချုပ်/နည်းပြ ၊ အားကစား သမားများ၏ အင်အား စာရင်းများ၊ မိမိတို့ အားကစားနည်းနှင့်စပ်လျဉ်း၍ ဝင်ရောက် ယှဉ်ပြိုင်မည့် လျာထား Event များ ၊ အားကစားသမား ဦးရေများ၊ Joint Training နှင့် ပြည်ပပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ရာ၌ပြိုင်ပွဲများ၏ အချိန်ကာလအပိုင်းအခြားများ၊ သွားရောက်လိုသည့် နိုင်ငံ၊ ကုန်ကျစရိတ်တွက်ချက် ကျခံမှုများ ၊ Test Match ပြိုင်ပွဲများကျင်းပပြုလုပ်မည့် အစီအစဉ်များ ၊ အားကစားလေ့ကျင့်ရေးရုံနှင့် ကစားသမားအိပ်ဆောင်တို့၌ ရေ၊ မီး ရရှိမှုအခြေအနေများနှင့် အခက်အခဲများ ၊ လေ့ကျင့်ဘက် ထားရှိမှုနှင့် နည်းပြ ငှားရမ်းမှု ကိစ္စရပ်များ၊ အားကစားသမားရွေးချယ်သတ်မှတ်မှု ကိစ္စရပ်များ အား တင်ပြဆွေးနွေး ပြီး လိုအပ်သည့်ကိစ္စရပ်များ၌ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆေးဘက်ဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိလှိုင် မှ ရန်ကုန်၌ စခန်းသွင်း လေ့ကျင့်နေသော အားကစားသမားများအတွက် ဆေးအကာ အကွယ် ပေးနိုင်ရေးအတွက် ဆရာဝန်နှင့် သူနာပြု တို့အား ထပ်မံ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်မှုများရရှိစေရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များနှင့်ဆောင်ရွက်ပေးမည့် ကိစ္စရပ်များအပေါ် လိုအပ်ချက်များအား အသေးစိတ် ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။