(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ “ SEA Games အကြို” လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၇ ။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ “ SEA Games အကြို” လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
အောက်တိုဘာ ၅ ရက်နေ့တွင် (အမျိုးသား/အမျိုးသမီး) Recurve/Compound မြား (၇၂)ချောင်း Ranking Round ပြိုင်ပွဲအား ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြသည်။
ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် အကြို ဗိုလ်လုပွဲ ပွဲစဉ်များ၊ တတိယလုပွဲ ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့ရာ (အမျိုးသား/အမျိုးသမီး) Recurve ပြိုင်ပွဲတွင် နိုင်လင်းထက်က ပထမ၊ ကောင်းခန့်မော်က ဒုတိယ၊ သီဟထက်ဇော်က တတိယ၊ Compound ပြိုင်ပွဲတွင် စုစုလှိုင်က ပထမ၊ အောင်ကိုဦးက ဒုတိယ၊ ဇင်သူရိန်မှူးက တတိယတို့ အသီးသီး ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများ အသီးသီးတွင် ဆုရရှိခဲ့ကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


