အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား သဲဖြူ – မဟာမြိုင်- ချောင်းဖျား တောရဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး က အန္တရာယ်ကင်းပရိတ်တရားတော် ဟောကြားချီးမြှင့်သည့် အခမ်းအနားကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၆ရက်

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၊အုပ်ချုပ်/နည်းပြများအားသဲဖြူ-မဟာမြိုင်- ချောင်းဖျား တောရဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ မထေရ်မြတ်ကြီး က အန္တရာယ်ကင်းပရိတ်တရားတော် ဟောကြားချီးမြှင့်သည့် အခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၊ အားကစား နှင့် ကာယ ပညာသိပ္ပံ(ရန်ကုန်) ရှိ ပြည်ထောင်စုခန်းမ ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်/နည်းပြများ၊အားကစားသမားများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ သဲဖြူ- မဟာမြိုင်- ချောင်းဖျား တောရဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ မထေရ်မြတ်ကြီး နှင့် ဧည့်ပရိသတ် အပေါင်း တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား အား ဖွင့်လှစ်ခဲ့ ပြီး ဆရာတော် မထေရ်မြတ်ကြီးထံတွင် ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။

ဆက်လက်၍ဆရာတော်မထေရ်မြတ်ကြီးကပရိတ်တရားတော်များ ဟောကြားတော်မူပြီး နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်/ နည်းပြများ ၊ အားကစားသမားများ၊ အလှူရှင် များနှင့် ဧည့်ပရိသတ်များ က ဆရာတော်မထေရ်မြတ်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဆရာတော်မထေရ်မြတ်ကြီး က ရေစက်ချအနုမောဒနာ တရားများချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချအမျှဝေခဲ့သည်။

ယင်းနောက် (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၊အုပ်ချုပ်/ နည်းပြများအတွက် ပရိတ်ရေ များ၊ အဆောင်လက်ဖွဲ့ကြိုးများပေးအပ်ချီးမြှင့်ရာအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးတို့ က လက်ခံရယူခဲ့ပြီးနောက် ဆရာတော်မထေရ်မြတ်ကြီး နှင့် ဧည့်ပရိသတ်အပေါင်းတို့ က ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။