အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် တိုက်ကွမ်ဒိုအားကစားသမားများအား ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ(၁၆)ရက်။

၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် တိုက်ကွမ်ဒိုအားကစားသမားများအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ (၅:၃၀)နာရီအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်း ဘူယောင်းရုံ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ဌဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြား‌ရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန်၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ နည်းပြဆရာများနှင့် ဆုရအားကစားသမားများ တက်ရောက်ကြပါသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် က ဝန်ကြီးချုပ်ကိုယ်စားဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန် က နှုတ်ခွန်းဆက် ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။

ထို့နောက် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် (+ ၈၇)ကီလိုတန်းပြိုင်ပွဲ တွင် ရွှေတံဆိပ်ရရှိခဲ့သည့် ကျော်မင်းနိုင်အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ဥပဒေချုပ် ဦးဌေးအောင်မှ ဆုကြေးငွေကျပ်သိန်း ( ၁၀၀ )ကိုလည်းကောင်း၊ အတိုက်အားကစားနည်းမှ ကြေးတံဆိပ်ရရှိခဲ့သည့် မိုးပွင့်ဖြူ နှင့်မောင်မြင့်ကိုကိုတို့အား၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးမှ ဆုကြေးငွေကျပ်သိန်း( ၄၀) ကိုလည်းကောင်း၊ ကကွက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည့် ကောင်းဇင်ခန့်နှင့်နိူင်းဧကရီစိုးတို့အား၊ မြန်မာနိင်ငံတိုက်ကွမ်ဒို အားကစားအဖွဲ့ချုပ်ဥက္ကဌဦးမြဟန်မှ ဆုကြေးငွေကျပ်သိန်း(၄၀)ကိုလည်းကောင်း အုပ်ချုပ်/နည်းပြအဖွဲ့(၄)ဦးကိုယ်စား အသင်းအုပ်ချုပ်သူ ဒေါ်ဝါဝါထွန်းနှင့်‌ ဒေါ်ချောကလျာဝင်းတို့အား၊ မြန်မာနိင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာသန်းဝင်းမှ ဆုကြေးငွေကျပ်သိန်း (၈၀)ကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ ဆုရကစားသမားများကိုယ်စား ရွှေတံဆိပ်ရရှိခဲ့သည့် ကျော်မင်းနိုင်မှ ကျေးဇူးတင် စကားပြန်လည်ပြောကြား၍ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရသည်။