![]()
၂၀၂၆ ခုနှစ် ၊ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအား လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဩဂုတ် ၁
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်း အုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-(၁) ဒုတိယညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင် အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲဝင် အားကစားသမားများအား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကန့်ကွက်ရန် ရှိ/မရှိ အသီးသီး မေးမြန်း ဆွေးနွေးတင်ပြခဲ့ကြရာ ပြိုင်ပွဲကျင်းပရေးအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက စစ်ဆေး၍ ညှိနှိုင်းဆုံးဖြတ်အတည်ပြုပေးခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်စေရေး၊ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် စေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ အသင်းအုပ်ချုပ်သူများ အနေဖြင့် မိမိအသင်းမှ နည်းပြများ၊ အားကစားသမားများနှင့် ပရိတ်သတ်များအား စည်းမျဉ်း/စည်းကမ်း နှင့်အညီ ပြုမူပြောဆိုနေထိုင်ပြီး စနစ်တကျ အားပေးခြင်းများဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် အနှောင့်အယှက် မဖြစ်စေရန် ဝိုင်းဝန်းကြပ်မတ်ထိန်းသိမ်းပေးသွားရန်လိုကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများ အနေဖြင့် တရားမျှတစွာဖြင့် ယှဉ်ပြိုင်ကစား၍ စည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာပြီး သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ မိမိကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်သည့် ဝန်ကြီးဌာန ၏ ဂုဏ်သိက္ခာကျဆင်းစေမည့် ပြုမူပြောဆိုမှုများ မပြုလုပ်မိအောင်၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မဖြစ်အောင် အထူးရှောင်ကြဉ်ကြရန်နှင့် အသင်းအုပ်ချုပ်သူများကလည်း မိမိအားကစားသမားများအား စည်းမျဉ်း/စည်းကမ်းများကို သိရှိနားလည်စေရန်၊ အားကစားသမား၏ အင်္ဂါရပ်နှင့်လျော်ညီအောင် ဆံပင်အရောင်ဆိုးထားခြင်းများ၊ နားကပ်တပ်ထားခြင်းများနှင့် စည်းကမ်းမဲ့စွာ ဝတ်စားဆင်ယင်မှုများ၊ ပြုမူပြောဆိုခြင်းများမရှိအောင် အသင်းအုပ်ချုပ်သူများက ကြိုတင်အသိပေးမှာကြားထားပြီး တာဝန်ယူ ကြပ်မတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်၍ ၎င်း ဆုံးဖြတ်ချက်အပေါ် မကျေနပ်၍ မထီမဲ့မြင်ပြုမူခြင်း၊ ရိုင်းပျစွာ ဆဲဆိုခြင်းများကို ပြုလုပ်ခဲ့ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒိုင်လူကြီးများကလည်း အကောင်းဆုံးအသင်း အနိုင်ရရှိပါစေ ဆိုသည့်အတိုင်း တရားမျှတစွာဖြင့် ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက် ပေးသွားစေလိုကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ရိုးသား ကြိုးစားစွာ ဝင်ရောက်ယှဉ်ပြိုင်သွားကြရန် ထပ်မံအသိပေးမှာကြားလိုပါကြောင်း၊ ပြိုင်ပွဲတွင် အမျိုးသား တံခွန်စိုက်ဒိုင်းနှင့်ဆုရရှိသည့် အားကစားသမားများကို ဆုတံဆိပ်များအပြင် ဆုကြေးငွေများအနေဖြင့် ပထမဆု ငွေကျပ် သိန်း(၃၀)၊ ဒုတိယဆု ငွေကျပ် သိန်း(၂၀)၊ တတိယဆု ငွေကျပ်(၁၀)သိန်း၊ အသန့်ရှင်းဆုံး အသင်းဆုအတွက် ငွေကျပ်(၅)သိန်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုနှင့် အကောင်းဆုံးဂိုးသမားဆု များအတွက် ငွေကျပ်(၂)သိန်းတို့ကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ နည်းပြများအနေဖြင့် မိမိအသင်းမှ အားကစားသမားများ အနီးကပ်ကြပ်မတ်ပြီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ပေါင်းစပ်ဆောင်ရွက်ပေးသွားကြရန် မေတ္တာရပ်ခံ မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အားကစား နှင့်ကာယပညာဦးစီးဌာန ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားပြု ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုကိစ္စရပ်များ၊ စည်းမျဉ်း/ စည်းကမ်းသတ်မှတ်ချက်များနှင့်ပတ်သက်ပြီး အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် မဲနှိုက်၍ ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ဆက်လက် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
မြန်မာ့အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့် အညီ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် Mass Sports မှ Excellent Sports အဆင့်ထိ ရောက်ရှိအောင် ငွေအား၊ လူအားများဖြင့် ငွေကုန်ကြေးကျခံ၍ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဖူဆယ် (အမျိုးသား)ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိကွင်းရှိ ဖူဆယ်အားကစားရုံ၌ ပြိုင်ပွဲကာလ ၁၂ ရက်ကြာ ကျင်းပ ပြုလုပ်ပေး သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အမျိုးသားအသင်း ၂၅ သင်း စုစုပေါင်း ပြိုင်ပွဲဝင်နည်းပြ၊ အားကစားသမား အင်အား ၄၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


