![]()
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ၊ ဇွန် ၉
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်း အုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့၊ ပြည်နယ်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်၊ ရှမ်းပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ခဲ့သည်။
ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူများက အသီးသီး မိတ်ဆက်ခဲ့ကြပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်အထောက်အကူဖြစ်စေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် မြန်မာ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများမှ အလားအလာ ရှိပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများအား လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)နှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့တွင် စခန်းသွင်းလေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲများတွင် ဆုရရှိသောအားကစားသမားများကို ဆုတံဆိပ်များနှင့် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆုအပြင် ဆုကြေးငွေများကိုလည်း ချီးမြှင့်ပေးသွား မည်ဖြစ်ပြီး အကောင်းဆုံးဆုရရှိသော အားကစားသမားများကို ဆုဖလားအပြင် ဆုကြေးငွေများကိုပါ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုတိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစားအနေဖြင့် အမျိုးသားအသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၄ သင်း၊ ပြိုင်ပွဲဝင် စုစုပေါင်းအင်အား ၄၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ယခုကျင်းပမည့်ပြိုင်ပွဲ နှင့် ပတ်သက်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို ကြိုတင် ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားအဆင့် သတ်မှတ်ချက်များနှင့် အသက်(၂၅) နှစ်အောက် ပြိုင်ပွဲဖြစ်၍ အသက်မှန်ကန်မှုရှိစေရေးအတွက် အချက်အလက်များ ပြည့်စုံမှန်ကန်စွာ တင်ပြနိုင်ခြင်း မရှိသည့် အသင်းအုပ်ချုပ်သူများကို ထိထိရောက်ရောက် အရေးယူခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်စဉ်ကာလနှင့် တည်းခိုနေထိုင်စဉ်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပေးသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်အတွင်းရေးမှူးတို့က ပြိုင်ပွဲ ဆိုင်ရာကိစ္စရပ်များနှင့် ပြိုင်ပွဲနည်းဥပဒေများအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေး ဆိုင်ရာကိစ္စရပ်များနှင့်စည်းမျဉ်း/စည်းကမ်းများအားလည်းကောင်း၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူနှင့် နည်းပြများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေး၊ တည်းခိုနေထိုင်ရေး၊ စားသောက်မှုဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။


