![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၊ ဇူလိုင် ၂၁
အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး အတွက်အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင် ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။
ဦးစွာအစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း အုပ်ချုပ်သူ များက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ် တိုက်ကွမ်ဒို အားကစား သမားများ ပေါ်ထွက်လာစေရေး၊ တိုက်ကွမ်ဒိုအားကစားနည်းကို ပြည်သူများ စိတ်ဝင်စားမှုရှိလာ စေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လာရောက် ယှဉ်ပြိုင်ကြသည့် တိုက်ကွမ်ဒို အားကစားသမား များအချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့်တိုက်ကွမ်ဒိုအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာ စေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ၊ ယခုကျင်းပမည့်ပြိုင်ပွဲအတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်များသို့ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများအား ကြိုတင်ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများနှင့် မကိုက်ညီသော အားကစားသမားများအား ခေါ်ဆောင်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး (တစ်ဦးချင်း ‘အတိုက်’ ပြိုင်ပွဲ၊ တစ်ဦးချင်း ‘ကကွက်’ ပြိုင်ပွဲ၊ သုံးယောက်တွဲ အသင်းလိုက် ‘ကကွက်’ ပြိုင်ပွဲ)များနှင့် အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ ‘ကကွက်’ ပြိုင်ပွဲတို့အား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ကျား (၁၅) သင်း၊ မ(၁၅)သင်း၊ အုပ်ချုပ်/ နည်းပြ၊ အားကစားသမားစုစုပေါင်း(၂၉၅)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များ အနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်စဉ်ကာလနှင့် တည်းခိုနေထိုင်စဉ် ကာလအတွင်း သတ်မှတ်ထား သည့် စည်းကမ်းချက်များ ကို လိုက်နာဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်က ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များနှင့် ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများကိုလည်းကောင်း၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ၊ ဆေးဘက်ဆိုင်ရာဌာနခွဲ၊ လူထု/ပညာဌာနခွဲ၊ ကွင်း/ ရုံဌာနခွဲ၊ မော်တော်ယာဉ်ဌာနစုနှင့်စားရိပ်သာတို့မှ ပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်မှုကိစ္စရပ်များ၊ ပြိုင်ပွဲရုံသို့ ကြို/ပို့ရေး ကိစ္စရပ်များနှင့်အခြားလိုအပ်ချက်များအားအသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးအစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


