အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ၊ ဧပြီ ၂၆

အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်တို့ကကြီးမှူးကျင်းပသည့်တိုင်းဒေသကြီးနှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၃၀)နာရီက ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့် ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့်နည်းပြများ တက်ရောက်ကြသည်။

ဦးစွာအစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း အုပ်ချုပ်သူ များက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ် စစ်တုရင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ စစ်တုရင်အားကစားနည်းကိုပြည်သူများ စိတ်ဝင်စားမှုရှိလာစေရေး၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ စစ်တုရင်အားကစားသမားများအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိစေရေးနှင့် စစ်တုရင်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း ၊ ယခုကျင်းပမည့် ပြိုင်ပွဲအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများအား ကြိုတင်ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်း များနှင့် မကိုက်ညီသော အားကစားသမားများ‌အား ခေါ်ဆောင်လာသည့် တိုင်းဒေသကြီး နှင့်ပြည်နယ်များ ကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင် အလွတ်တန်းတစ်ဦးချင်းပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာစစ်တုရင်အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ စစ်တုရင်အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာ စစ်တုရင်အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ် တစ်ဦးချင်းပြိုင်ပွဲ (ကျား/မ)၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ် အသင်းလိုက်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ကျား (၁၃) သင်း၊ မ(၁၁)သင်း၊ အုပ်ချုပ်/ နည်းပြ၊ အားကစားသမား စုစုပေါင်း (၁၉၅)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်တိုင်းဒေသကြီး နှင့်ပြည်နယ်များအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်စဉ်ကာလနှင့် တည်းခိုနေထိုင်စဉ် ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူးဦးသိန်းသန်းနိုင် က ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်မှု ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်၊ ဆေးဘက်ဆိုင်ရာဌာနခွဲ၊ ကွင်း/ ရုံဌာနခွဲ၊ မော်တော်ယာဉ်ဌာနစုနှင့်စားရိပ်သာတို့မှ ပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြိုင်ပွဲရုံသို့ ကြို/ပို့ ရေးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအား အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေး အား ရုပ်သိမ်းခဲ့သည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက်ခြင်း၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသင်းများနှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများအား စနစ်တကျနှင့် မှန်မှန်ကန်ကန် ရှိစေရေး အတွက် အုပ်စုပွဲစဉ်များကို မဲနှိုက်၍ အတည်ပြုသတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။