အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ၏ မြေပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၆

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ၏ မြေပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး၊ အားကစားကွင်း/အားကစားရုံ ဌာနခွဲ ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများအား ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စာချုပ်ချုပ်ဆို လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအချိန်ကာလ ၄ လကျော်ကြာပြီး ဖြစ်၍ အောက်တိုဘာ ၃၁ ရက်နေ့အထိ မြေပြင်၌ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လုပ်ငန်းအခက်အခဲများ တင်ပြနိုင်ရန်အတွက် ထပ်မံခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်းများအလိုက် ငွေတောင်းခံလွှာများကို စနစ်တကျစိစစ်ကြပ်မတ်စစ်ဆေးပြီး ငွေများကိုအရစ်လိုက် ထုတ်ပေးလျက်ရှိကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်းပြည့်မီပြီး သတ်မှတ်ကာလထက် ဆောလျင်စွာ ပြီးစီးစေရေးအတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာကုမ္ပဏီများမှ လုပ်ငန်းပြီးစီးမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ်ညွှန်ကြားရေးမှူးချုပ်က သက်ဆိုင်ရာ QC ကုမ္ပဏီများ အနေဖြင့် တည်ဆောက်ရေးဆောင်ရွက်လျက်ရှိသည့် မြေပြင်၌ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ အား စစ်ဆေးနိုင်ရေးအတွက် တာဝန်ခံအင်ဂျင်နီယာများ အချိန်ပြည့်ထားရှိဆောင်ရွက်သွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အခက်ခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင် ရွက်သွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်းလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်၍ ကုမ္ပဏီများမှ တင်ပြခဲ့သည့် Work Schedule များအတိုင်း သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီး စီးပြီးပြန်လည်အပ်နှံသွားရန်လိုကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။