၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက သုဝဏ္ဏ(၄)ထပ်ဆောင်ရှိစားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဒုတိယဥက္ကဌနှင့် အမှုဆောင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်လှေလှော် အားကစားသမားများပေါ်ထွက်လာစေရေး၊ လှေလှော်အားကစားနည်းကို ပြည်သူများ စိတ်ဝင်စားမှုရှိလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ လှေလှော်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေးနှင့် လှေလှော်အားကစား အဆင့်အတန်း တိုးတက် မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများ အနေဖြင့် သွားလာနေထိုင်ရေးနှင့် စားသောက်ရေးကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စေရန် စီစဉ် ဆောင်ရွက်ပေးထားပါကြောင်း၊ ပြိုင်ပွဲဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့်လည်း စည်းကမ်း တကျလိုက်နာကြရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရာ၌ ဒိုင်လူကြီးများမှလည်း သတ်မှတ် ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း တိတိကျကျဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲ ကာလအတွင်း ကျန်းမာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်စေလိုကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ၊ ဆေးဘက်ဌာနခွဲ၊ အားကစားကွင်း/အားကစားရုံဌာနခွဲ၊ မော်တော်ယာဉ်ဌာနစိတ်၊ စားရိပ်သာနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပ ပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များအား အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြပါ သည်။
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူတို့က မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွက် လိုအပ်ချက်များအား တင်ပြဆွေးနွေးပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများက တင်ပြဆွေးနွေးမှုများအပေါ်ဖြည့်စွက်ပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


