၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် (၁)နာရီက သုဝဏ္ဏလေးထပ်ဆောင်ရှိ စားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့်နည်းပြများ တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစား အောင်နိုင်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ် မျိုးဆက်သစ် မြန်မာ့သိုင်းအားကစားသမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ မြန်မာ့သိုင်းအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် မြန်မာ့သိုင်းအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာ စေရေး အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုကျင်းပမည့်ပြိုင်ပွဲတွင် တစ်ဦးချင်းဝိတ်တန်း အမျိုးသား ၉ တန်း ၊ အမျိုးသမီး ၈ တန်း ၊ တစ်ဦးချင်း ‘က’ ကွက်ပြိုင်ပွဲတွင် အမျိုးသား (၃)မျိုး ၊ အမျိုးသမီး (၃)မျိုး ၊ အမျိုးသား+ အမျိုးသမီး နှစ်ယောက်တွဲ ‘က’ ကွက် ၊ အမျိုးသား/အမျိုးသမီး အသင်းလိုက်(၃)ယောက်တွဲ ‘က’ကွက်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ကျား(၁၄)သင်း၊ မ(၁၃)သင်း၊ အုပ်ချုပ်/နည်းပြ ကစားသမား စုစုပေါင်း (၃၅၁)ဦးခန့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၏ ဒေသန္တရ စည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာကြရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲကျင်းပရာ၌ ဒိုင်လူကြီးများမှလည်း ဘက်လိုက်မှုကင်းရှင်းပြီး သမာသမတ်ရှိစွာဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း တိတိကျကျဆုံးဖြတ် ဆောင်ရွက်ပေး စေလိုကြောင်း၊ ဘက်လိုက်မှုဖြစ်စဉ်များဖြစ်ပေါ်လာပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ကစားသမားများကလည်း ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို စောတကတက်မှုမရှိဘဲ လိုက်နာကြရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲတွင် ထူးခြား ဖြစ်စဉ်များရှိပြီး အခက်အခဲရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ချက်ခြင်းသတင်းပို့ရန် လိုအပ် ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး က ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်မှုကိစ္စရပ်များကိုလည်းကောင်း၊ စီမံကိန်းနှင့်သုတေသနဌာနခွဲမှ တာဝန်ရှိသူက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ အားကစားနှင့်ကာယပညာဦးစီး ဌာနသို့ ပေးပို့ရမည့်အချက်အလက်များအား အချိန်မီပေးပို့နိုင်ရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်၊ ဆေးဘက်ဆိုင် ရာဌာနခွဲ၊ ကွင်း/ရုံဌာနခွဲ၊ မော်တော်ယာဉ်ဌာနစုနှင့် စားရိပ်သာ တို့မှ ပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြိုင်ပွဲရုံသို့ ကြို/ပို့ ရေးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


