၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဩဂုတ် ၆ ။
မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့၌ ကျင်းပ ခဲ့သည်။
ယနေ့ ဘောလုံး(အမျိုးသား) အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၃)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၁)တွင် နေပြည်တော်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင် ပြည်နယ်အသင်းက နေပြည်တော်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြိုင်ပွဲ ၁ ရက်နားမည်ဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့ နံနက်(၇)နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် နေပြည်တော်အသင်း၊ ညနေ(၃)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ ဘောလုံး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။




