အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ(၆)။

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည် တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Cluster-7 စားရိပ်သာ၌ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မြန်မာဘော်လီ ဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ်ဘော်လီဘောအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအားကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုး သမီး)ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်း ၍ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ မော်တော်ယာဉ် ကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆုရရှိသည့်အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေများ၊ အကောင်းဆုံးအားကစားသမားဆု၊ အမျိုးသားတံခွန်စိုက်ဒိုင်းနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့လာရောက်သည့် အသင်းအုပ်ချုပ်သူများအနေဖြင့် ပြိုင်ပွဲရက်များတွင် ယူနီဖောင်း (သို့မဟုတ်) အသင်းဝတ်စုံအပြည့်အစုံ ဝတ်ဆင်စေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးသို့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းနှင့်ပတ်သက်သည့် တင်ပြစရာများရှိပါက အသင်းအုပ်ချုပ်သူမှတစ်ဆင့် သတင်းပို့တင်ပြဆောင်ရွက် သွားရန်ပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၊ အားကစား‌ ဆေးဘက်ဌာနခွဲ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စ ရပ်များအားဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ မေလ(၇)ရက်နေ့မှ (၁၆)ရက်နေ့အထိ နေပြည် တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် အမျိုးသား(၁၃)သင်းနှင့် အမျိုးသမီး(၁၂)သင်း၊ စုစုပေါင်း အင်အား(၄၀၃)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။