အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ(၂၂)။

          ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Squash အားကစားရုံ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်း လုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဖူဆယ်ပြိုင်ပွဲအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးမှ  ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၈)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့် စည်းမျဉ်း/စည်းကမ်းများကို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာများမှ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန်အတွက် ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ပြင်ဆင် ဖြည့်စွက်အကြံပြုလိုသည့် အချက်များရှိပါက မိမိတို့ဝန်ကြီးဌာနသို့ တရားဝင်စာဖြင့်  ပြန်လည်ပေးပို့သွားရန် နှင့်တာဝန်ရှိသူများထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများအတိုင်း ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် အတည်ပြုပြီးသော ဝန်ကြီးဌာနကိုယ်စားပြုအားကစားသမားများအား ထပ်မံ၍ ကန့်ကွက်ခြင်းများ မပြုလုပ်ရန်နှင့် လူစားလဲလှယ်ပြီး ဝင်ရောက်ကစားခြင်းများကို ခွင့်ပြုပေးမည်မဟုတ် ကြောင်း၊ ယခုနှစ် ဖူဆယ်ပြိုင်ပွဲတွင် အားကစားသမားများ၏ အသက်ကို (၂၅)နှစ်နှင့်အောက် သတ်မှတ် ထားပြီး အရှေ့တောင်အာရှနှင့် အာရှအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ လက်ရွေးစင် အားကစားသမား (၂)ဦးအား ပါဝင်ဖွဲ့စည်းခွင့်ပြုထားပါကြောင်း၊ ဖူဆယ်ပြိုင်ပွဲတွင် ဆုကြေးငွေများ အဖြစ် ပထမဆု ကျပ်သိန်း(၂၀)၊ ဒုတိယဆု ကျပ်(၁၅)သိန်း၊ တတိယဆု ကျပ်(၁၀)သိန်းနှင့် စတုတ္ထဆု ကျပ်(၅)သိန်း ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ ဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ ပြိုင်ပွဲတွင် အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ခိုက်ရန်ဖြစ်ပွား ခြင်းများ၊ ဒိုင်လူကြီး များအား ဆဲရေးတိုင်းထွာခြင်းများ မပြုလုပ်ကြရန်နှင့် ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကျဆင်းစေမည့် အပြုအမူ၊ အပြောအဆိုများ မပြုလုပ် ကြရန် သတိပြုဆင်ခြင်သွားရန်လိုကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်ခြင်းမရှိဘဲ တရား မျှတစွာဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အသင်းအုပ်ချုပ်သူ/နည်းပြများမှ မိမိတို့ ပြိုင်ပွဲဝင် အားကစားသမားများ စည်းကမ်းရှိရှိ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)  ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားဆေးဘက်ဌာနခွဲနှင့်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)  ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊  မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲကို ဒီဇင်ဘာ(၂၄)ရက်နေ့မှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့အထိ ဖူဆယ်ပြိုင်ပွဲရုံတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၈)သင်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။