အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ (၂၀)။

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Squash အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ လာမည့်နှစ်များတွင် ပြည်ထောင်စုဝန်ကြီးဌာနများအားလုံး ပါဝင်ယှဉ်ပြိုင်သွားစေလိုကြောင်းနှင့် အားကစားသမား လိုအပ်ချက်ရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် အမျိုးသားအသင်း(၁၆)သင်းနှင့် အမျိုးသမီးအသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ပြိုင်ပွဲကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့် စည်းမျဉ်း/စည်းကမ်းများကိုလည်း ဝန်ကြီးဌာနများသို့ ကြိုတင်ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်ကြရန်နှင့် ယနေ့အစည်းအဝေးတွင် အတည်ပြု မှတ်တမ်းတင်ထားပြီးဖြစ်သည့် အားကစားသမားများအား ထပ်မံ၍ ကန့်ကွက်ခြင်း၊ လူစားလဲလှယ်ခြင်းများ မပြုလုပ်ကြရန် ပြောကြားလိုကြောင်း၊ ဝန်ထမ်းအားလုံး ပါဝင် ယှဉ်ပြိုင်နိုင်ရန်အတွက် နေ့စားကန့်သတ်ချက်မထားရှိဘဲ ဝန်ထမ်းဖြစ်ရမည်ဟုသာ သတ်မှတ်ခဲ့ပြီး ယခုနှစ်တွင် ပြိုင်ပွဲဝင် အားကစားသမားများ၏ အသက်ကို (၂၅)နှစ်အောက် သတ်မှတ်ထားပြီး အရှေ့တောင်အာရှနှင့် အာရှအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ လက်ရွေးစင်အားကစားသမား(၂)ဦး ပါဝင်ဖွဲ့စည်းခွင့်ပြုထားကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ကျပ်သိန်း(၃၀)၊ ဒုတိယဆု ကျပ်သိန်း(၂၀)၊ တတိယဆု ကျပ်(၁၅)သိန်း၊ စတုတ္ထဆု ကျပ်(၁၀) သိန်း၊ အကောင်းဆုံးအားကစားသမားဆုများအတွက် ဆုဖလားနှင့် ဆုကြေးငွေ ကျပ်(၁)သိန်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သွားမည့် ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန်နှင့် ပြိုင်ပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက် မပျောက်ပျက်စေရေးအတွက် ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားဆေးဘက်ဌာနခွဲနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး အသီးသီး ဆွေးနွေးတင်ပြခဲ့ ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို (၂၂.၁၂.၂၀၂၃)ရက်နေ့မှ (၃.၁.၂၀၂၄)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၆)သင်း၊ အမျိုးသမီးအသင်း(၆)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။