အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ သြဂုတ် ၁၀။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster-7 စားရိပ်သာ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ဖူဆယ် အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်း များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ဖြစ်ပေါ် လာပါက ပြိုင်ပွဲကျင်းပရေးအဖွဲ့၏ ဆုံးဖြစ်ချက်သည်သာ အတည်ဖြစ်ပါကြောင်း၊ တစ်နှစ်ပတ်လုံး လေ့ကျင့်ပြီး ပံ့ပိုးမှုပေးနိုင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းသည်သာ အနိုင်ရရှိနိုင်မည် ဖြစ်ကြောင်း၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ စစ်တမ်းကောက်ယူလျက်ရှိသည့် အချက်အလက်များကို အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများက ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ သတ်မှတ်ရက်/အချိန်အတွင်းပေးပို့သွားရန်နှင့် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေး CPU အဖွဲ့မှ စစ်တမ်းကောက်ယူလျက်ရှိသည့် 1111 Messages များအား ပြန်လည်ဖြေကြား ပေးနိုင်ရန် မိမိတို့၏ဖုန်းနံပါတ်များကို မှန်မှန်ကန်ကန်ဖြည့်စွက်ပေးသွားစေလိုကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစား သမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင် ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေများနှင့် အကောင်းဆုံး အားကစားသမားဆုကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ လာရောက်သည့် အသင်းအုပ်ချုပ်သူများအနေဖြင့် ရုံးဖွင့်ရက်နှင့်ပြိုင်ပွဲရက်များတွင် ဌာနယူနီဖောင်း (သို့မဟုတ်) အသင်းဝတ်စုံအပြည့် ဝတ်ဆင်သွားရန်လိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီသို့ ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီးတင်ပြစရာများရှိပါက အသင်းအုပ်ချုပ်သူမှတစ်ဆင့် သတင်းပို့တင်ပြသွားရန် ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁)၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၊ အားကစားဆေးဘက်ဌာနခွဲ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ် များနှင့် အထွေထွေကိစ္စရပ်များကို အသီးသီး ဆွေးနွေးတင်ပြခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လိုအပ်သည်များကိုဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်ရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၄ သင်း စုစုပေါင်းအင်အား ၅၂၅ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။