အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ(၂၂)။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့သည်။

အစီအစဉ်ရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာပိုက်ကျော်ခြင်း အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပိုက်ကျော်ခြင်းအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်း ဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းသည် လူကြိုက်များသည့်အားကစားနည်း တစ်ခုဖြစ်သည့်အပြင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရယူပေးလျက်ရှိသည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ အချိန်ရာသီမရွေးကုန်ကျစရိတ် သက်သက်သာသာဖြင့် လွယ်လွယ်ကူကူကစားနိုင်သည့် အားကစားနည်းတစ်ခုဖြစ်သည့်အတွက် မြန်မာ့လက်ရွေးစင် အားကစားသမားများကို ပိုမိုအထောက်အကူပြုနိုင်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြိုင်ပွဲများ ယခုထက်ပိုမိုကျင်းပပြု လုပ်ပေးသွားရန်လိုကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ယခုထက်ပိုမို အောင်မြင်မှုရရှိနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားသွားကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအားသတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်၊ သွားလာရေး ကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားစေလိုကြောင်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်သူ/နည်းပြများကို အမှတ်ပေးနည်းစနစ်များနှင့်ပတ်သက်၍ သေချာကြိုတင်ရှင်းလင်း ပြောကြားထားရန်လိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလား၊ ဆုကြေးငွေနှင့် အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီး တံခွန်စိုက်ဒိုင်း၊ စုပေါင်းတံခွန်စိုက်ဒိုင်းများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အားကစားစီမံကိန်းနှင့်သုသေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်တို့က ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များအား လည်းကောင်း၊ အားကစားဆေးဘက်ဌာနခွဲ၊ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို၂၃-၅-၂၀၂၃ ရက်နေ့မှ ၃၁-၅-၂၀၂၃ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၅)သင်း၊ အမျိုးသမီးအသင်း (၁၃)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း (၂၇၅)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်းသိရသည်။