အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့်နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၄။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉ နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ဖွင့်ပွဲ/ ပိတ်ပွဲ၊ ပြိုင်ပွဲကျင်းပမည့်နေရာ၊ နေ့ရက်များ၊ ရက်အလိုက်ဆုရရှိမှုများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အားကစားပြိုင်ပွဲများတွင် ပြိုင်ပွဲကြီးကြပ်အဖြစ် တာဝန်ချထားသည့် အရာထမ်း/အမှုထမ်းများသည် ပြိုင်ပွဲ ကျင်းပရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များအား ကြပ်မတ်ဆောင်ရွက်ရန်၊ ပြိုင်ပွဲကွင်းပြင်ဆင်သည့်ကိစ္စရပ်များအား သက်ဆိုင်ရာအဖွဲ့ချုပ်မှ ကျင်းပရေးတာဝန်ခံများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာတာဝန်ကျ အရာထမ်း/အမှုထမ်းများမှ ပြိုင်ပွဲကွင်းအတွင်း ဖြစ်ပေါ်လာမည့်ကိစ္စအဝဝအား တာဝန်ရှိသူများထံ အဆင့်ဆင့်သတင်းပို့ရန်၊ အသင်းအုပ်ချုပ်သူများ အစည်းအဝေးနှင့်ဆုပေးပွဲ အခမ်းအနားတွင် အားကစားသမားများအား အချိန်မီစုစည်းနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ရန်၊ အားကစားနည်းအလိုက် တာဝန်ပေးအပ်ထားသည့် အရာထမ်းများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များ ချိတ်ဆက်ဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်း၊ အားကစားနည်းအလိုက် Rules and Regulations Update Workshop များ ဖွင့်လှစ်လျက်ရှိရာတွင် ရေကူး၊ ကြက်တောင်၊ ကာယကြံ့ခိုင်မှု၊ အလေးမနှင့် ဘော်လီဘောအားကစားနည်း ၅ နည်းတို့မှာ စည်းမျဉ်း/ဥပဒေများပြောင်းလဲမှု မရှိခြင်းကြောင့် Workshop ပြုလုပ်ရန်မလိုအပ်ကြောင်း၊ အဖွဲ့ချုပ်များမှ တင်ပြလာမှုအပေါ် အတည်ပြုဆုံးဖြတ်၍ ဖွင့်လှစ်ခြင်းမပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲများသို့ လာရောက်အားပေးမည့် အကြီးအကဲများအား အားကစားနည်းအလိုက် အမှတ်ပေးစနစ်များကို သိရှိနားလည်စေရန်အတွက် သက်ဆိုင်ရာမြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များထံ ကြိုတင်တောင်းခံထားပြီးဖြစ်ကြောင်း၊ ပြိုင်ပွဲအမျိုးအစားနှင့် စည်းမျဉ်း/ စည်းကမ်းသတ်မှတ်ချက်များ၊ အသက်ကန့်သတ်ချက်များနှင့် အားကစားအရည်အချင်း ကန့်သတ်ချက်များအား အသေးစိတ်ပြောကြားခဲ့ကြောင်း၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)ရှိ အလေးမ အားကစားနည်းမှ လူရွေးချယ်မှု(Criteria) နမူနာပုံစံများ မျှဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ မျိုးဆက်သစ်ကစားသမားများရွေးချယ်ရာတွင် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများထဲမှ ထူးချွန်ထက်မြက်ပြီး အလားအလာကောင်းသော အားကစားသမားရွေးချယ်ရရှိရေးအတွက် အားကစားနည်းအလိုက် လူရွေးချယ်ရေးမူ(Criteria)များ ချမှတ်ရေးဆွဲ၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီတွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ယခင်ဦးစီးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲ ကျင်းပရေးတာဝန်ရှိသူများက ပြိုင်ပွဲကိစ္စများကို အချိန်မီ Data Collection ပြုလုပ်ပေးရန်နှင့် သတ်မှတ် အချိန်အတွင်း ထုတ်ပေးနိုင်ရန်အတွက် ဆက်သွယ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြိုင်ပွဲအား အဆင့်အတန်းရှိသည့် ပြိုင်ပွဲများဖြစ်စေချင်ကြောင်း၊ အနိုင်/ အရှုံးရလဒ်များသည် နိုင်ငံတကာတွင် အသုံးပြု လျက်ရှိသည့် ပုံစံများအတိုင်းဖြစ်စေလိုကြောင်း၊ ပြိုင်ပွဲဆုချီးမြှင့်မည့် နေ့ရက်၊ အချိန်၊ နေရာ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တာဝန်ရှိသူများက Website တွင် အချိန်မီထုတ်လွှင့်ဖော်ပြနိုင်ရေးအတွက် Data Collection Team သို့ အချိန်မီပေးပို့ပေးပါရန်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ဆပ်ကော်မတီအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။