အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁၉)။

၂၀၂၄ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီအခြေခံအားကစားသင်တန်းများအား နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းသားလူငယ်ထုအတွင်း အားကစားကို ဝါသနာပါပြီး စနစ်တကျ လေ့လာလိုက်စားလိုစိတ်များ ပြန့်ပွားလာစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံပြီး ကျန်းမာကြံခိုင်သည့် လူငယ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိဝါသနာပါရာ အားကစားကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့်ကျွမ်းကျင်တတ်မြောက်ပြီး စဉ်ဆက်မပြတ် လေ့ကျင့်ခြင်းမှသည် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစားသင်တန်း များသည် အခြေခံပညာ(မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း)စာမေးပွဲများ ဖြေပြီးသည့်အချိန်မှသာ ဖွင့်လှစ်သင်ကြားသည့် အစဉ်အလာရှိကြောင်း၊ ကျောင်းပိတ်ရက်များနှင့် သင်တန်းဖွင့်ရက်များ ဝေးကွာသွားပါက ကျောင်းသား/ကျောင်းသူများအား စုစည်းရန် အခက်အခဲမဖြစ်ပေါ်စေရေးအတွက် စာမေးပွဲမဖြေခင် စည်းရုံးလှုံ့ဆော်နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်း ဖွင့်လှစ်မည့်ရက်၊ သင်တန်းဖွင့်လှစ်မည့်နေရာ (အချိန်)နှင့် အားကစားနည်းများအား ညှိနှိုင်းသတ်မှတ်နိုင်ရန် ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလည်း အားကစားနှင့်ပညာရေးပေါင်းစပ်မှု ဦးစီးကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ထားပါကြောင်း၊ မျိုးဆက်သစ်လူငယ်အများစု စုဝေးရာမှာ အခြေခံပညာ ကျောင်းများဖြစ်သည့်အတွက် ကျောင်းများကိုအခြေခံ၍ အားကစားသင်တန်းများ ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဝင်စားမှုအပေါ်အခြေခံ၍ အားကစားနည်း အမျိုးအစားတိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ကိုလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ သို့မှသာ အားကစားနည်းအလိုက် ထူးချွန်သော မျိုးဆက်သစ်များ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ သင်တန်းကာလ (စ၊ လယ်၊ ဆုံး) သင်တန်းသားအင်အား လျော့နည်းသွားခြင်းမျိုး မရှိစေရေးကိုလည်း ဆရာ၊ ဆရာမများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကျောင်းအလိုက် သင်တန်းဖွင့်လှစ်ရန် အခက်အခဲရှိပါက နီးစပ်ရာကျောင်းများတွင် စုပေါင်း၍ သင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် အားကစားနည်းအလိုက် လိုအပ်သည့် နည်းပြများနှင့် အားကစားအထောက်အကူပြုပစ္စည်းများ၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများမှ အားကစားကို ဝါသနာပါပြီးထူးချွန်သည့် ကျောင်းသား/ကျောင်းသူများအား အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် တက်ရောက်နိုင်ရေးနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား B.Sc (Sports) အားကစားတက္ကသိုလ် တက်ရောက်ခွင့်ရရှိရေးကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများအနေဖြင့် ကျောင်းသား/ ကျောင်းသူများအား ထပ်ဆင့်စည်းရုံးပြောကြားပေးစေလိုကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်ပြီး သင်တန်းဖွင့်လှစ်မည့်နေရာ၊ အားကစားနည်းများ၊ နည်းပြလိုအပ်ချက်များ၊ အားကစားအထောက်ကူပြုပစ္စည်းလိုအပ်ချက်များ သင်တန်းတက်ရောက်မည့် အင်အားစာရင်းများအား အသီးသီး ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် ၂၀၂၄ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်က သင်တန်းတွင် ယခင်နှစ်များထက် သင်တန်းသားဦးရေများပြားစွာ ဖွင့်လှစ်နိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ပေးကြရန်ပြောကြားလိုကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းများအပါအဝင် အားကစားလှုပ်ရှားဆောင်ရွက်မှုတွေများ အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်များပေါ်ထွက်လာပြီး ပညာရေးဝန်ကြီးဌာနက နှစ်စဉ်သွားရောက်ယှဉ်ပြိုင်လျက်ရှိသည့် ASEAN School Games ပြိုင်ပွဲများ၊ ASEAN University Games ပြိုင်ပွဲများနှင့် ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အားကစားပြိုင်ပွဲများအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည့်အတွက် နွေရာသီအခြေခံ အားကစားသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနများမှ တာဝန်ရှိသူများ၏ ၂၀၂၄ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ပညာရေးဝန်ကြီးဌာန၊ အ‌ခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာဦးစိုးမြင့်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။