အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ်(၁၃)။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster-7 စားရိပ်သာ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘောလုံးအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်၊ သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆုရရှိသည့်အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေများလည်းချီးမြှင့်ပေးသွားမည်ဖြစ်ပြီး တစ်ဦးချင်းအကောင်းဆုံး အားကစားသမားဆု၊ တံခွန်စိုက်ဒိုင်းဆုနှင့် ဆုကြေးငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ လာရောက်သည့် အသင်းအုပ်ချုပ်သူများအနေဖြင့် ရုံးဖွင့်ရက်နှင့် ပြိုင်ပွဲရက်များတွင် ယူနီဖောင်း(သို့မဟုတ်)အသင်းဝတ်စုံအပြည့် ဝတ်ဆင်ထားစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးသို့ ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းနှင့် ပတ်သက်သည့်တင်ပြစရာများရှိပါက အသင်းအုပ်ချုပ်သူမှတစ်ဆင့် သတင်းပို့တင်ပြ ဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၊ အားကစားဆေးဘက်ဌာနခွဲ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်ဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကိုဖြည့်စွက်၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲကို (၁၄.၃.၂၀၂၄)ရက်နေ့မှ (၂၉.၃.၂၀၂၄)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၃)သင်း စုစုပေါင်း အင်အား(၃၀၁)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။