အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ်(၆)။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၁)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster-7 စားရိပ်သာ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဝူရှူးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဝူရှူးအားကစားသမား များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမား များစွာပေါ်ထွက်လာ စေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအား မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်၊ သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက် ပေးကြစေလိုကြောင်း၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် အသင်းအုပ်ချုပ်သူ/နည်းပြ များကို အမှတ်ပေးနည်းစနစ်များနှင့်ပတ်သက်၍ သေချာကြိုတင်ရှင်းလင်းပြောကြားထားရန်လိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေများလည်း ချီးမြှင့်ပေး သွားမည်ဖြစ်ပြီး၊ အကောင်းဆုံးအားကစားသမားဆု၊ အမျိုးသားတံခွန်စိုက်ဆုဖလား၊ အမျိုးသမီးတံခွန်စိုက် ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ လာရောက်သည့် အသင်းအုပ်ချုပ်သူများအနေဖြင့် ရုံးဖွင့်ရက်နှင့် ပြိုင်ပွဲရက်များတွင် ယူနီဖောင်း(သို့မဟုတ်)အသင်းဝတ်စုံ အပြည့် ဝတ်ဆင်ထားစေလိုကြောင်း၊ နည်းပြများအနေဖြင့် ပဏာမရွေးချယ်ခံရသည့် အားကစားသမားများ ကို စခန်းသွင်းလေ့ကျင့်ရန်ခေါ်ယူပါက အကြောင်းတစ်စုံတစ်ရာကြောင့် ငြင်းဆန်ခြင်းမပြုဘဲ မဖြစ်မနေ လာရောက်စခန်းသွင်းလေ့ကျင့်နိုင်ရေး ကစားသမားများအား အသိပေးမှာကြားထားရန်၊ ပြိုင်ပွဲကျင်းပရေး သို့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းနှင့် ပတ်သက်သည့်တင်ပြစရာများရှိပါက အသင်းအုပ်ချုပ်သူမှတစ်ဆင့် သတင်းပို့တင်ပြဆောင်ရွက်သွားရန်၊ Technical Area အတွင်း တာဝန်ရှိသူနည်းပြတစ်ဦးသာ ဝင်ထွက် ခွင့်ပြုရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း များကိုလက်ခံရရှိကြောင်းနှင့် ပြင်ဆင်ရန်မရှိကြောင်း သက်ဆိုင်ရာဌာနသို့ ပြန်လည်ပေးပို့ရန်တောင်းခံသည့်အခါ ပြည်နယ်နှင့်တိုင်း ဒေသကြီး တစ်ခု၊ နှစ်ခုသာအကြောင်းပြန်ကြားပေးပို့လာပြီး ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးအများစုမှာ ပြန်လည်ပေးပို့လာခြင်းမရှိသည့်အတွက် အလားတူကိစ္စရပ်မျိုးမဖြစ်အောင် တာဝန်ခံညွှန်ကြားရေးမှူးများ အနေဖြင့် သေချာကြပ်မတ်ပြီး ဂရုစိုက်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၊ အားကစားဆေးဘက်ဌာနခွဲ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အသင်း အုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်ဆိုင်ရာကိစ္စရပ်များ၊ စားသောက် တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြ ခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကိုဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို (၇.၃.၂၀၂၄) ရက်နေ့မှ (၁၁.၃.၂၀၂၄) ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် အမျိုးသား(၁၄)သင်းနှင့်အမျိုးသမီး(၁၄)သင်း၊ စုစုပေါင်း အင်အား (၂၈၆)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။