အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၃)။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 စားရိပ်သာ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဘိလိယက်နှင့်စနူကာအားကစားနည်းသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရရှိသည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေး တို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲအား ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ လာမည့်နှစ်တွင်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင်လည်း သက်ဆိုင်ရာကလပ်အသင်းများနှင့်ညှိနှိုင်း၍ စခန်းသွင်းလေ့ကျင့်ပြီး ပြိုင်ပွဲများ အနည်းဆုံး(၃)ပွဲအထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လူရွေးချယ်ပွဲကို နေပြည်တော် တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဘိလိယက်နှင့်စနူကာအားကစားနည်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် အမျိုးသားအားကစားပွဲတော်တွင်လည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည့် အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်သွားရန်လိုကြောင်း၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲအား သတ်မှတ်ထား သည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသင်းများမှ အုပ်ချုပ်/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်/ စားသောက်၊ သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက် ပေးသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၊ အားကစားဆေးဘက်ဌာနခွဲ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်ဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က လိုအပ်သည်များကို ဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှ မတ်လ (၁) ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဘိလိယက်နှင့်စနူကာအားကစားရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၃)သင်း၊ အမျိုးသမီးအသင်း(၁၀)သင်း၊ ပြိုင်ပွဲဝင် ကစားသမား အင်အား စုစုပေါင်း(၁၅၄)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။