အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၂၅)။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 စားရိပ်သာ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဘတ်စကက်ဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မျိုးဆက်သစ်ဘတ်စကက်ဘောအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်/စားသောက်၊ သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား အကောင်းဆုံးဆု၊ ဆုတံဆိပ်၊ ဆုဖလား၊ ဆုကြေးငွေနှင့် အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၊ အားကစားဆေးဘက်ဌာနခွဲ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြများက ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်ဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က လိုအပ်သည်များကို ဖြည့်စွက်၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို (၂၆.၁.၂၀၂၄) ရက်နေ့မှ (၁.၂.၂၀၂၄)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၂)သင်း၊ အမျိုးသမီးအသင်း(၁၁)သင်း၊ ပြိုင်ပွဲဝင်ကစားသမားအင်အား စုစုပေါင်း(၃၆၉)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။