၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော်၊ မတ်(၂၄)။
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Cluster-7 စားရိပ်သာ၌ ကျင်းပသည်။
အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ခရစ်ကက်အားကစားနည်း တိုးတက်ပြန့်ပွားစေရေးအတွက် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်အနေဖြင့် နည်းပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ပံ့ပိုးကူညီလျက်ရှိသည့်အတွက် ဝန်ကြီးဌာနကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့် ခရစ်ကက် အားကစားနည်း အား အထောက်အကူပြုနိုင်မည့် ထူးချွန်ထက်မြက်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမား များ၏ ကျန်းမာရေး၊ နေထိုင်စားသောက်မှုများ၊ သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆုရရှိသည့် အားကစား သမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် တစ်ဦးချင်းအကောင်းဆုံး အားကစားသမားဆု၊ တံခွန်စိုက် ဒိုင်းဆုနှင့် ဆုကြေးငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ လာရောက်သည့်အသင်း အုပ်ချုပ်သူများအနေဖြင့် ပြိုင်ပွဲရက်များတွင် ယူနီဖောင်း (သို့မဟုတ်) အသင်းဝတ်စုံ အပြည့်အစုံဝတ်ဆင် ထားစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးသို့ ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းနှင့်ပတ်သက်သည့် တင်ပြစရာများ ရှိပါက အသင်းအုပ်ချုပ်သူမှတစ်ဆင့် သတင်းပို့တင်ပြဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၊ အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည် များကိုဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် မတ်(၂၅)ရက်နေ့မှ ဧပြီ(၃)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၂)နှင့် ကွင်းအမှတ်(၄)တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၁)သင်းနှင့် အမျိုးသမီးအသင်း(၁၀)သင်း၊ စုစုပေါင်း အင်အား(၃၄၉)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


