အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ(၁၄)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူ/နည်းပြများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အားကစားသမားအချင်းချင်းသွေးစည်းညီညွတ်မှုရှိပြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက Sports Dance နှင့်ပတ်သက်သည့် အားကစားနည်းများ ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများအနေဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမဆု ကျပ်(၁)သိန်း၊ ဒုတိယဆု ကျပ်(၇)သောင်း၊ တတိယဆု ကျပ်(၅)သောင်း၊ အသင်းလိုက် (အကြီးတန်း/ Fitness Dance) ပြိုင်ပွဲများတွင် ပထမဆု ကျပ်(၁၀)သိန်း၊ ဒုတိယဆု ကျပ်(၇)သိန်း၊ တတိယဆု ကျပ်(၅)သိန်း၊ သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆု ကျပ်(၅)သိန်း၊ ဒုတိယဆု ကျပ်(၃)သိန်းနှင့် တတိယဆု ကျပ်(၂)သိန်း ဆုကြေးငွေများအပြင် ဆုတံဆိပ်၊ ဆုဖလားများလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ အားကစားစီမံကိန်းနှင့်သုသေသနဌာနခွဲ၊ အားကစားဆေးဘက်ဌာနခွဲ၊ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့) ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲကို နိုဝင်ဘာ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသမီးအသင်း (၁၄)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း (၂၃၄)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။