အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၈)။

ရိုးရာခြင်းလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (Cluster-7) စားရိပ်သာခန်းမ၌ ကျင်းပသည်။

အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာ တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ရိုးရားခြင်းလုံးအားကစားသမားများအချင်းချင်း သွေးစည်း ညီညွတ်မှုရှိပြီး ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ခြင်းလုံးအားကစားနည်းကို မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်လာစေရေး၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ထူးချွန်ထက်မြက် သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ အား ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ် နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် အရည်အချင်းရှိပြီး အလားအလာရှိသည့် အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အသင်းအုပ်ချုပ်သူ/နည်းပြများမှ စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားသမားများ တားမြစ်ဆေးဝါးသုံးစွဲခြင်းများမပြုလုပ်ကြရန် တာဝန်ရှိသူများမှ ဂရုတစိုက် ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ ပြိုင်ပွဲတွင် မိမိတို့အသင်း အောင်နိုင်ရေးအတွက် အုပ်ချုပ်သူ/နည်းပြ များနှင့် အားကစားသမားများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီမှုရှိသည့် အားကစားသမားများကို ရွေးချယ်ခေါ်ဆောင်လာရန်နှင့် အသင်းအုပ်ချုပ်သူများအနေဖြင့် မိမိတို့ခေါ်ဆောင်လာသည့် အားကစားသမားများ နစ်နာမှုမရှိစေရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးမပြုလုပ်မီ လိုအပ်သည့်အထောက်အထားများကို ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ထားရန်လိုကြောင်း၊ ပြိုင်ပွဲကာလ အတွင်း အားကစားသမားများ သွားလာနေထိုင်စားသောက်ရာတွင် အဆင်ပြေမှုရှိစေရေးနှင့် ထိခိုက် ဒဏ်ရာမရရှိစေရေး နည်းပြများမှ အနီးကပ် ကြပ်မတ်ထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုကြောင်း၊ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အားကစားဆေးဘက်ဌာနခွဲ ဝန်ထမ်းများအား (၂၄) နာရီတာဝန်ချထားလျက်ရှိကြောင်း၊ အားကစား လေ့ကျင့်ရေးစခန်းတွင် တည်းခိုနေထိုင်စဉ်ကာလအတွင်း သတ်မှတ်စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလအတွင်း အခက်အခဲ များနှင့် လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံ သတင်းပို့တင်ပြသွားရန်နှင့် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒိုင်/ဂျူရီများအနေဖြင့် ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ မှန်ကန်တိကျစွာ အမှတ်ပေးဆုံးဖြတ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ အသင်းအုပ်ချုပ်သူ/နည်းပြများ နှင့် အားကစားသမားများ၏ အချက်အလက်များကောက်ခံရာတွင် မှန်ကန်တိကျစွာ စာရင်းပေးသွင်း နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ယခုရိုးရာခြင်းလုံးပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများ အား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေအဖြစ် ပထမဆု ကျပ်(၁၅)သိန်း၊ ဒုတိယဆု ကျပ်(၁၀)သိန်း၊ တတိယဆု ကျပ်(၇)သိန်းနှင့် အကောင်းဆုံး အားကစားသမားဆုအတွက် တစ်ဆုလျင် ကျပ်(၁)သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေးနှင့် မော်တော်ယာဉ် (ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲကို အောက်တိုဘာလ (၉)ရက်နေ့မှ (၁၂)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၂)သင်း၊ အမျိုးသမီးအသင်း (၆)သင်း ပြိုင်ပွဲဝင်အားကစားသမားအင်အားစုစုပေါင်း (၁၈၆)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက် ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေနှင့် ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။