အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုမိတ်ဆက်လ္ဘက်ရည်‌ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၈)။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဒိုင်လူကြီးများအား ကြိုဆိုမိတ်ဆက်လ္ဘက်ရည်‌ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယကကြီး ဦးစိုးတင့်က ကြိုဆိုမိတ်ဆက်စကား‌ပြောကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်အတွက် ယခုလို ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီး မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို မကြာမှီ ကျင်းပပြုလုပ်မည့် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပပြုလုပ်နိုင်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း ထည့်သွင်းကျင်းပပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ဒိုင်လူကြီးများ၏ အခန်းကဏ္ဍသည် အဓိကကျပြီး အရေးကြီးသည့်အတွက် ဒိုင်/ဂျူရီများအနေဖြင့် ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ မှန်ကန်တိကျစွာ အမှတ်ပေးဆုံးဖြတ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်က ယခုလို ကြိုဆိုမိတ်ဆက်လ္ဘက်ရည်တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခွင့်ပေးသည့် တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားခြင်းကိုကျယ်ကျယ်ပြန့်ပြန့် ခတ်ကစားနိုင်ပြီးတိုးတက်မြင့်မားလာအောင်ဆောင်ရွက်ရာတွင် ရိုးရာခြင်းလုံးပညာရှင်များ၊ ဝါသနာရှင်များ အမြဲတမ်းချစ်ကြည်ရင်းနှီးမှု ရရှိစေရန်အတွက် ရှေးခြင်းလုံးသမားကြီးများနှင့် အဖွဲ့ချုပ်တာဝန်ယူခဲ့ကြသည့် ပုဂ္ဂိုလ်များက အမြော်အမြင်ကြီးမားစွာ ယခုလို ကြိုဆိုမိတ်ဆက်လ္ဘက်ရည်တွေ့ဆုံပွဲကို အစဉ်အလာတစ်ခုအဖြစ်ကျင်းပပြုလုပ်ခဲ့သလို ဆက်လက်တာဝန်ယူကြမည့်နောင်လာနောင်သား မျိုးဆက်သစ်များကလည်း အစဉ်အလာကောင်းကိုဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားကြရန်လိုကြောင်း၊ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဥက္ကဋ္ဌဖလားပြိုင်ပွဲကြီးကျင်းပနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို အမျိုးသား အားကစားပွဲတော်တွင် ထည့်သွင်းကျင်းပပြုလုပ်နိုင်ရေးအတွက် ယခုအချိန်ကတည်းကပြင်ဆင်ကြိုးစားဆောင်ရွက်လျက်ရှိပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ရိုးရာခြင်းလုံးဆပ်ကော်မတီများနှင့်တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီးနောက် အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

အဆိုပါ ကြိုဆိုမိတ်ဆက်လ္ဘက်ရည်တွေ့ဆုံပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယကကြီး ဦးစိုးတင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်နှင့်တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။