အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၂၁)။

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပိုက်ကျော်ခြင်း အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုး ဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုး သမီး)ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းသည် လူကြိုက်များသည့် အားကစားနည်းများထဲက တစ်ခုဖြစ်သည့်အပြင် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရယူပေးလျက်ရှိသည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ အချိန်ရာသီမရွေး ကုန်ကျစရိတ်သက်သက်သာသာဖြင့် လွယ်လွယ်ကူကူကစားနိုင်သည့် အားကစားနည်းတစ်ခုဖြစ်သည့် အတွက် မြန်မာ့လက်ရွေးစင်အားကစားသမားများကို ပိုမိုအထောက်အကူပြုနိုင်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြိုင်ပွဲများ ယခုထက်ပိုမိုကျင်းပပြုလုပ်ပေးသွားရန်လိုကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ယခုထက်ပိုမိုအောင်မြင်မှုရရှိနိုင်ရေးအတွက် ကြိုးစားသွားကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည် များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့်ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/ နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်၊ သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်သူ/နည်းပြများကို အမှတ်ပေး နည်းစနစ်များနှင့်ပတ်သက်၍ သေချာကြိုတင်ရှင်းလင်းပြောကြားထားရန်လိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလား၊ ဆုကြေးငွေနှင့် အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီး တံခွန်စိုက်ဒိုင်း၊ စုပေါင်းတံခွန်စိုက်ဒိုင်းများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ အားကစားစီမံကိန်းနှင့်သုသေသနဌာနခွဲ၊ အားကစားဆေးဘက်ဌာနခွဲ၊ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင် ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ် (ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို (၂၂.၁၁.၂၀၂၃) ရက်နေ့မှ (၃၀.၁၁.၂၀၂၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၄)သင်း၊ အမျိုးသမီးအသင်း (၁၂)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း (၂၆၂)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။